စက်ရုံတချို့မှာ အလုပ်ရှင်ဘက်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်(အီးစီ)ကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေတယ်လို့ဆို

စက်ရုံတချို့မှာ အလုပ်ရှင်ဘက်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်(အီးစီ)ကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေတယ်လို့ဆို
- ပြည်တွင်းစက်ရုံတချို့မှာ အလုပ်ရှင်တွေဘက်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်(အီးစီ)ကို တစ်ဖက်သတ်ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ အလုပ်သမားတွေနဲ့အလုပ်သမားအရေးလှုပ်ရှားသူတွေထံက သိရပါတယ်။အလုပ်ရှင်နဲ့အလုပ်သမားအကြား ရပိုင်ခွင့်နဲ့ လုပ်ငန်း တာဝန်တွေကို ထည့်သွင်းထားတဲ့ အီးစီစာချုပ်ကို အလုပ်ရှင်နဲ့စက်ရုံတာဝန်ရှိသူတွေက တစ်ဖက်သတ်ချိုးဖောက်မှုတွေ ရှိေနတာလို့ သူတို့က ဆိုပါတယ်။”စာချုပ်ပါ အခွင့်အရေးတွေ မပေးတော့တာမျိုး၊ ပြစ်ချက်မရှိဘဲ အလုပ်ထုတ်တာမျိုးတွေ အလုပ်သမားတွေကြားမှာ ပိုကြုံလာရတယ်” လို့ ရွှေပြည်သာမြို့နယ်မှအထည်ချုပ်စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
- ဒါ့အပြင်တချို့စက်ရုံတွေမှာ အခုနောက်ပိုင်းခန့်တဲ့အလုပ်သမားတွေနဲ့ အီးစီစာချုပ်ချုပ်ဆိုဖို့ ပျက်ကွက်မှုတွေရှိလာနေတယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။အဲဒီလို အီးစီစာချုပ် ချိုးဖောက်တာ၊ စာချုပ်ချုပ်ဆိုဖို့ပျက်ကွက်တာတွေရှိရင် သက်ဆိုင်ရာမြို့နယ်အလုပ်သမားဦးစီးမှူးက တရားစွဲဆိုရမှာဖြစ်ပေမယ့် သူတို့ကိုယ်တိုင်က နှုတ်ပိတ်နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
- “အလုပ်သမားဦးစီးတွေက အလုပ်ရှင်ကို မလွန်ဆန်ရဲတဲ့အခြေအနေ ဖြစ်နေတာ။ အရေးယူမှုမရှိတော့ ပိုပြီးအတင့်ရဲလာတယ်”လို့ သူက ပြောပါတယ်။လက်ရှိမှာ အီးစီစာချုပ်ချိုးဖောက်အလုပ်ထုတ်လို့ဆိုပြီး YFA စက်ရုံပိုင်ရှင်ကို ကာယကံရှင်အလုပ်သမားကတရားစွဲဆိုထားတဲ့ဖြစ်စဥ်ရှိနေပြီး အလားတူချိုးဖောက်မှုတွေအတွက်လည်း တရားစွဲဆိုမှုတွေရှိလာနိုင်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှတာဝန်ရှိသူတစ်ဦးကလည်း ပြောကြားထားပါတယ်။
