YFAစက်ရုံကို အလုပ်သမားက တရားစွဲဆိုထားမှု ဧပြီ ၂၅ ရက်မှာ ရုံးချိန်း ခေါ်ထား

YFAစက်ရုံကို အလုပ်သမားက တရားစွဲဆိုထားမှု ဧပြီ ၂၅ ရက်မှာ ရုံးချိန်း ခေါ်ထား
- YFA အထည်ချုပ်စက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ ဧပြီလ ၂၅ ရက်မှာ ရွှေပြည်သာမြို့နယ်တရားရုံးက ရုံးချိန်းခေါ်ထားတယ်လို့ အလုပ်သမားဘက်က လိုက်ပါကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုနဲ့ပတ်သက်လို့ YFAစက်ရုံပိုင်ရှင်ကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင်က မြန်မာနိုင်ငံမှာရှိမနေတာကြောင့်ဆိုပြီး ရုံးချိန်း ၅ ကြိမ်လုံး ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရုံးချိန်းမှာ လက်ရှိစက်ရုံကို တာဝန်ယူထားသူကို ပြောင်းလဲတရားစွဲဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
- ” လက်ရှိ စက်ရုံတာဝန်ယူထားသူကို ပြောင်းပြီး တရားစွဲလိုက်ပြီး ပထမဆုံး ရင်ဆိုင်ရမယ့် ရုံးချိန်း ဖြစ်လာမှာပါ ” လို့ STUMမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။အရင်ကတော့ တရားစွဲဆိုခံထားရတဲ့ပိုင်ရှင်မရှိလို့ဆိုပြီး တရားရင်ဆိုင်ဖို့ပျက်ကွက်ခဲ့ပေမယ့် အခုအနေအထားအရ စက်ရုံဘက်က မဖြစ်မနေလာရောက်ရင်ဆိုင်ရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။”တရားရုံးကလည်း ဆင့်ခေါ်စာ ပို့ထားတယ်လို့ သိရတယ်။အဲဒါပျက်ကွက်ရင်တော့ တရားရုံးအပိုင်းက လုပ်ပိုင်ခွင့်တွေအတိုင်း ဆက်သွယ်မယ်လို့ မျှော်လင့်ရတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
- YFAစက်ရုံက ပြီးခဲ့တဲ့နှစ်ကုန်မှာ အလုပ်သမားမအိပိုပိုလှိုင်ကို လုပ်သက်ခွင့်ရက်တွေ ရယူပြီး အလုပ်ပျက်လို့ဆိုကာ အီးစီစာချုပ်မှာ မပါဝင်တဲ့အကြောင်းပြချက်နဲ့အလုပ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။အဲဒီလို အီးစီစာချုပ်ချိုးဖောက်တဲ့အတွက် ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးက တရားစွဲဆိုခွင့်စာထုတ်ပေးပြီး အလုပ်သမားကတရားစွဲဆိုနိုင်အောင်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။