ရွှေ့ပြောင်းကျောင်းများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ

– ထူးချစ်
ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ရွှေ့ပြောင်းကလေးများ၏ သင်ကြားရေးစင်တာများ၊ စစ်ဘေးရှောင်ကလေးများ၏ စာသင်ကျောင်းများ၊ ဘော်ဒါဆောင်များနှင့် ဒုက္ခသည်စခန်းများအတွင်း ပညာသင်ကြားနေကြသည့် ကလေးသူငယ်များသည် နည်းလမ်းပေါင်းစုံဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေကြရပါသည်။ ဤပြဿနာသည် ကလေးများ၏ ဘဝနှင့် အနာဂတ်အပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိနေပါသည်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ကျူးလွန်သူအများစုမှာ အဆိုပါ သင်ကြားရေးစင်တာများတွင် စာသင်ကြားပေးနေသည့် ကျောင်းအုပ်များ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အနေဖြင့်လည်း ရွှေ့ပြောင်းကလေးငယ်များ၏ ပညာရေးလုပ်ငန်းများကို နှစ်ပေါင်း (၂ဝ) ကျော်ကြာ လုပ်ဆောင်နေသည့် ကာလအတွင်း ဆရာ၊ ဆရာမများ၊ စေတနာ့ဝန်ထမ်းများနှင့် ဝန်ထမ်းများအကြား အဆိုပါ ပြဿနာများကို အနည်းနှင့်အများ ကြုံတွေ့ခဲ့ရဖူးပါသည်။
ဒုက္ခသည်စခန်းများအတွင်း အသက်မပြည့်သေးသူများအပေါ် မုဒိမ်းမှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ တိုးပွားလာနေသည့်အတွက် လိင်ပိုင်းဆိုင်ရာနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုများကို ကူညီဆောင်ရွက်ပေးပြီး ပညာပေးလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် ကော်မတီများ ဖွဲ့စည်းလုပ်ကိုင်နေသည်များလည်း ရှိခဲ့ပါသည်။
လက်ရှိအခြေအနေနှင့် စိန်ခေါ်မှုများ
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင် ထိုင်းပညာရေးဌာနမှ အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာရွှေ့ပြောင်းသင်ကြားရေးစင်တာပေါင်း (၆၃) ကျောင်း ရှိပါသည်။ ယခင်ကာလများတွင် မဲဆောက်ဒေသ၌ မြန်မာ ရွှေ့ပြောင်းကလေးများ၏ သင်ကြားရေးစင်တာ (၁ဝဝ) ကျော်ခန့် ရှိခဲ့ဖူးပါသည်။
၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ထိုင်းအစိုးရမှ ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းကလေးများ သင်ကြားရေးစင်တာ (၆) ခုကို မပိတ်သိမ်းမီအထိ ထိုင်းနိုင်ငံတွင်း ဖွင့်လှစ်ထားသည့် မြန်မာ ရွှေ့ပြောင်းကလေးငယ်များကျောင်း (၂ဝဝ) ကျော်ခန့် ရှိခဲ့ပါသည်။ သို့သော် ရွှေ့ပြောင်းသင်ကြားရေးစင်တာ အများစုသည် စနစ်တကျ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ၊ ကြီးကြပ်မှုနှင့် ပံ့ပိုးကူညီမှုများ အားနည်းနေသေးသည်ကို တွေ့ရပါသည်။
မဲဆောက်ဒေသတွင် ကလေးသူငယ်များအား လိင်အကြမ်းဖက်မှုဆိုင်ရာ ပြဿနာများ မကြာခဏ ပေါ်ပေါက်နေသည်ကို ကြားသိနေရပါသည်။
၂ဝ၁၃ ခုနှစ်ခန့်က မဲဆောက်မြို့အခြေစိုက် Help Without Frontiers (HWF) ၏ ရွှေ့ပြောင်းကလေးများ သင်ကြားရေးစင်တာတွင် ကျောင်းဆရာတစ်ဦးမှ အသက် (၁၄) နှစ်အရွယ် ကျောင်းသူတစ်ဦးအား (၂) နှစ်တာကာလအတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့် အမှု ဖြစ်ပေါ်ခဲ့ပြီး တရားခံအား မဲဆောက်တရားရုံးတွင် တရားစွဲဆိုခဲ့ကာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် ထောင်ဒဏ် (၂၅) နှစ် ချမှတ်နိုင်ခဲ့ပါသည်။ သို့သော်လည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းခြင်းမရှိဘဲ လွတ်မြောက်နေသည့် တရားခံများလည်း များစွာရှိနေပါသည်။
၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ထိုင်းသတင်းတစ်ပုဒ်၌ ဖော်ပြထားသည့် မြန်မာ ရွှေ့ပြောင်းကျောင်းဆရာတစ်ဦးမှ ကျောင်းသားများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် ပတ်သက်ပြီး အပြစ်ပေးအရေးယူနိုင်ရန် ပြင်ဆင်နေကြောင်း တွေ့ရှိရပါသည်။ အမှုမှန်ပေါ်ပေါက်ရန် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကြိုးစားပေးရမည် ဖြစ်ပါသည်။
အဆိုပါဖြစ်စဉ်သည် မဲဆောက်မြို့တွင် လက်ရှိ ရွှေ့ပြောင်းအလုပ်သမားများအား စိစစ်၊ အရေးယူနေသည့် ကာလနှင့် တိုက်ဆိုင်နေသည်ဖြစ်ရာ အနည်းနှင့်အများဆိုသလို အချို့ မြန်မာ ရွှေ့ပြောင်းသင်ကြားရေးစင်တာများအနေဖြင့် တင်းကြပ်၊ စီစစ်မှုများနှင့် ရင်ဆိုင်ရနိုင်ပါသည်။
ယနေ့အချိန်သည် ထိုင်းနိုင်ငံ၏ အမျိုးသားရေးအဖွဲ့များ၊ ရွှေ့ပြောင်းအလုပ်သမားမုန်းတီးရေးအဖွဲ့များနှင့် ထိုင်းအာဏာပိုင်တို့အနေဖြင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ လှုပ်ရှားလုပ်ကိုင်နေသည်များကို စောင့်ကြည့်အရေးယူသည့် ကာလလည်း ဖြစ်ပါသည်။
ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ
မိမိတို့ ရွှေ့ပြောင်းသင်ကြားရေးစင်တာများအနေဖြင့် နိုင်ငံတကာစေတနာ့ဝန်ထမ်းများ၊ ဒေသခံများနှင့် မြန်မာစေတနာ့ဝန်ထမ်းများ ခန့်အပ်ရာတွင် စနစ်ကျသည့် လူသားအရင်းအမြစ်ဌာနများ (HR Department) နှင့် ကလေးအခွင့်အရေးဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများ ခန့်အပ်ပြီး စနစ်တကျ ဆောင်ရွက်သင့်ပါသည်။ အထူးသဖြင့် ဝန်ထမ်းခန့်အပ်ရာတွင် နောက်ခံစစ်ဆေးမှု (background check) များကို တိကျစွာ ပြုလုပ်ရန် လိုအပ်ပါသည်။
ထို့အပြင်၊ အောက်ပါအချက်များကို အလေးထားဆောင်ရွက်သင့်ပါသည်-
စနစ်ကျသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး မူဝါဒများ ချမှတ်ခြင်း- ကျောင်းတိုင်းတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး မူဝါဒများကို ရှင်းလင်းစွာ ချမှတ်ပြီး ဝန်ထမ်းများ၊ ကျောင်းသားများနှင့် မိဘများအား အသိပေးရမည်။
ကြီးကြပ်မှုနှင့် ပံ့ပိုးကူညီမှုများ အားကောင်းစေခြင်း- ကျောင်းများ၊ ဘော်ဒါဆောင်များတွင် လုံခြုံသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပြီး ကလေးများအား ကြီးကြပ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးအပ်ရပါမည်။
တိုင်ကြားမှု ယန္တရားများ ထူထောင်ခြင်း- ကလေးများအနေဖြင့် လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်မည့် လျှို့ဝှက်တိုင်ကြားမှု လမ်းကြောင်းများ (ဥပမာ- တိုင်ကြားစာပုံးများ၊ ယုံကြည်ရသော ဝန်ထမ်းများ) ကို ထူထောင်ပေးရပါမည်။
အသိပညာပေးခြင်း- ကလေးများ၊ မိဘများ၊ ကျောင်းအုပ်များနှင့် ဝန်ထမ်းများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမျိုးအစားများ၊ ကာကွယ်နည်းများ၊ တုံ့ပြန်နည်းများနှင့် ၎င်းတို့၏ အခွင့်အရေးများအကြောင်း ပုံမှန် အသိပညာပေးရပါမည်။
ပူးပေါင်းဆောင်ရွက်မှု- ဒေသတွင်း အာဏာပိုင်များ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို တီထွင်ပြီး အမှုကိစ္စများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရမည်။
ဥပဒေအရ အရေးယူမှု- လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်သူများကို ဥပဒေအရ တိကျစွာ အရေးယူနိုင်ရန် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီကြိုးပမ်းရမည်။
နေ့စဉ်ဆိုသလို ဖြစ်ပျက်နေသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုများသည် ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းကလေးငယ်များ၏ သင်ကြားရေးစင်တာများ၊ စစ်ဘေးရှောင်စခန်းများရှိ စာသင်ခန်းများနှင့် ဘော်ဒါဆောင်များ၊ ဒုက္ခသည်စခန်းများအတွင်းရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားနေကြသည့် ဒုက္ခသည်များ၊ စစ်ဘေးရှောင်များ၊ မြန်မာရွှေ့ပြောင်းကလေးငယ်များနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေမှုကို မီးမောင်းထိုးပြနေပါသည်။
အဆိုပါ မီးမောင်းထိုးပြသနေမူများသည် ပိုမိုအားကောင်းသော၊ စနစ်ကျသည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ၊ ကြီးကြပ်မှုနှင့် ပံ့ပိုးကူညီမှုများ အရေးတကြီး လိုအပ်နေကြောင်းကို ပြတ်ပြတ်သားသား ဖော်ပြနေပါသည်။
ကျွန်ုပ်တို့အားလုံး ပူးပေါင်းပါဝင်ကာ ကလေးသူငယ်များအား လိင်အကြမ်းဖက်မှုပြဿနာကို ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းကြရန်လိုပါသည်။
– ဆောင်းပါးရှင် ဦးထူးချစ်သည် ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း-FED ၏ အမူဆောင်ဒါရိုက်တာနှင့် Ashoka Fellow -2008 ဖြစ်သည်။