ကမ္ဘာနှစ်ခုကြားက မြန်မာ‌‌ရွှေ့ပြောင်းကလေးတွေရဲ့ အနာဂတ်ပညာရေး

ညီညီ

ထိုင်းနိုင်ငံတောင်ပိုင်းကို ဦးတည်နေသော အမြန်ယာဉ်ဟာ ငြိမ့်ငြိမ့်ကလေးနဲ့ လူထူထပ်တဲ့ ဘန်ကောက်မြိုကြီးကနေ တအိအိထွက်ခွာလာတော့ကျွန်တော်ရင်နည်းနည်းခုန်လာတယ်။ ကျွန်တော်သွားရမယ့် နေရာက ဖန်င လိုပဲ သိထားတာ ရင်းနှီးတဲ့သူလည်း မရှိ တခါမှလည်း မရောက်ဖူးတဲ့ ဒေသ။ ရွှေ့ပြောင်း အကြောင်းကြားဖူးတာဆိုလို သတင်းတွေထဲမှာ အတွေ့ရများတဲ့ မဲဆောက် ဆိုတာလောက်ပဲကြားဖူးတာပါ။

သွားရမယ့် နေရာက ရွှေ့ပြောင်းကလေးတွေအတွက်ဖွင့်ထားတဲ့ ကျောင်းတကျောင်းရှိတယ်လိုပဲသိထားတာ။ လမ်းဘေးဝဲယာက ဆီအုန်းတောကြီးတွေ၊ ရာဘာခြံကြီးတွေ အကွေ့အပတ်လမ်းတွေနဲ့ အတော်ကို သာယာပါတယ်။ တွေးမိတာကတော့ လာခဲ့မိတာ မှန်ပြီပေါ့။

အားလုံးသိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ နိုင်ငံမှာ တော့ ၂ဝ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ဆယ်စုနှစ်များစွာဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်ကို အရှိန်မြှင့်လိုက်ပြီး အာဏာရှင်တွေရဲ့ လူစိတ်ကင်းမဲ့စွာရက်စက်မှုတွေကို ခါးစည်းခံနေကြရပါတယ်။ ၂၁ နောက်ပိုင်း စစ်ရဲ့ ဒဏ်ကြောင့် ထိုင်းကို ရောက်လာကြသူတွေလည်း မနည်းမနောပါပဲ။ ထိုင်းဟာ စီးပွားရေးကောင်းမွန်တယ် ပညာရေးစနစ်ကောင်းတယ် မြန်မာကတော့ ရက်စက်မှုတွေနဲ့ ပြည့်နေတယ်။ နယ်စပ်စည်းလေးသာခြားတဲ့ ကမ္ဘာနှစ်ခုပေါ့။

ထိုင်းနိုင်ငံတောင်ပိုင်းရဲ့ ပူပြင်းပြင်းစိုထိုင်းထိုင်း နေ့လယ်ခင်းမှာတော့ ကလေးတစ်စုဟာ တောင်ပတ်လည်ဝိုင်းနေတဲ့ ဖုန်ထူထူ သင်ယူရေးစင်တာရဲ့ ခြံဝင်းအတွင်း ခြေဗလာနဲ့ ပြေးလွှားကစားနေကြပါတယ်။ သူတိုရဲ့ ရယ်မောသံတွေဟာ ဆီအုန်းပင်တွေ ရာဘာပင်တွေကြားပဲ့တင်ထပ်ပြီး အနီးနားမှာရှိတဲ့ရွာသူ ရွာသားတွေရဲ့လှုပ်ရှားရုန်းကန်မှုတွေနဲ့ ရောယှက်နေပါတယ်။

ကလေးတွေကို မြင်တော့ ကြည်နူးရတယ် ။ ကိုယ်တိုင် စီးမြောမိသွားပြီး ငယ်ဘဝကိုတောင် လွမ်းဆွတ်မိတယ်။ နောက်တော့ ကလေးတွေ ရဲ့ ပြောဟန် ဆိုဟန် လေယူလေသိမ်းတွေကို စိတ်ဝင် တစားလေ့လာမိတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော် လေ့လာမိသ‌လောက်ဒီဒေသက ကလေးတွေ ပညာရေးအတွက် ရုန်းကန်ရပုံကို အနည်းငယ်ပြောပြလိုပါတယ်။

ဒီကလေး အများစုက မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ထားဝယ်ဒေသကနေလာကြပြီး သူတိုရဲ့မိဘတွေက အမှောင်ကမ္ဘာထဲကနေ အလုပ်အကိုင်နဲ့ လုံခြုံမှုရှာဖွေဖို့ နယ်စပ်ကိုဖြတ်ကျော် လာခဲ့ကြသူ တွေ ဖြစ်ပါတယ်။ မိဘတွေအတွက် ရှင်သန်ရေးဆိုတာကတော့ စိုက်ပျိုးခြံတွေ၊ ငါးဖမ်းလုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ နာရီပေါင်းများစွာ အလုပ်လုပ်ရတာဖြစ်ပါတယ်။ သူတို့ ကလေးတွေအတွက်တော့ ရှင်သန်ရေးဆိုတာဟာ မမြင်နိုင်ပေမယ့်လည်း အလွန်အရေးကြီးတဲ့အရာပါ။ စာသင်ခန်းတွေမှာ၊ လူ့အဖွဲ့အစည်းအတွင်းနဲ့ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံစလုံးမှာ သူတို့ ပိုင်ဆိုင်မှု မရှိဘူးလို့ ခံစားရတဲ့ကမ္ဘာမှာ နေရာတစ်ခုရှာဖွေဖို့ ဖြစ်ပါတယ်။

ဥပဒေအရ ထိုင်းနိုင်ငံရဲ့ အစိုးရစာသင်ကျောင်းတွေဟာ တရားဝင်အဆင့်အတန်းမခွဲခြားဘဲ ကလေးအားလုံးအတွက် ဖွင့်လှစ်ထားတာပါ။ ဒါပေမယ့်လည်း လက်တွေ့မှာတော့ ရွှေ့ပြောင်းနေထိုင်သူမိသားစုတွေအတွက် အတားအဆီးတွေကတော့ မြင့်မားနေဆဲပါ။ ကလေးတွေရဲ့ သွားရေးလာရေးမထောက်ပံပေးနိုင်တာ၊ ကလေးတွေက ဘာသာစကားမတတ်ကျွမ်းတာ၊ စာရွက်စာတမ်းမရှိတာ၊ သတ်မှတ်ထားတဲ့အသက်အပိုင်းအခြားထက် ကျော်လွန်သွားတာ၊ မွေးဖွားစာရင်းမရှိတာတွေကြောင့် ထိုင်းကျောင်းတွေမှာ စာရင်းသွင်းဖို့ ခက်ခဲနေဆဲပါ။

ဒါ့ကြောင့် ထားဝယ်ကလေးအများစုဟာ အန်ဂျီအိုတွေ၊ ဘာသာရေးအဖွဲ့တွေ ဒါမှမဟုတ် လူထုကွန်ရက်တွေကနေ တည်ထောင်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ သင်ယူရေးစင်တာတွေ (MLCs) မှာ တက်ရောက်သင်ကြားရပါတယ်။ အဲ့ဒီစင်တာတွေမှာ ဗမာ၊ ထိုင်းနဲ့ တခါတရံ အင်္ဂလိပ်ဘာသာစကား တွေကို ကြားခံထားပြီး အခြေခံပညာရေးအတွက် ကြိုးပမ်းပေးပေမယ့် အဲ့ဒီကျောင်းတွေဟာ တရားဝင်အသိအမှတ်မပြုထားတဲ့ မသေချာမရေရာမှုအခြေအနေတွေမှာ လည်ပတ်နေရတာပါ။ အဲ့ဒီစင်တာတွေမှာ ရွှေ့ပြောင်းကလေးတွေအနေနဲ့ မြန်မာ့သမိုင်းကို သင်ယူကြရပေမယ့် သူတိုရဲ့ နိုင်ငံနဲ့တော့ အဆက်အသွယ်ပြတ်တောက်နေဆဲပါ။

ကျွန်တော့် အလုပ်မှာအခြေကျလာတော့ ရွှေ့ပြောင်းတွေရှိတဲ့ ရာဘာခြံ၊ ဆီအုန်းခြံတွေကိုသွားပြီး အလုပ်သမားအသိပညာပေး ဟောပြောပွဲတွေလုပ်ရတယ်။ အဲ့တော့ အခြေအနေတွေကို ပိုပြီး တီးမိခေါက်မိရှိလာတယ်။ အချို့ ကလေးတွေက ရွှေ့ပြောင်းကျောင်းနဲ့ အတော်ကို အလှမ်းဝေးတယ်။ မိဘက ကျောင်းကို မပို့နိုင်တော့ သူတို့က ဒီနယ်ပယ်မှာပဲကျင်လည်ပြီး ဒီလိုနဲ့ ဘဝကို အပြီးသတ်လိုက်ကြရတယ်။

ကျွန်တော် နားလည်လက်ခံထားတာကတော့ စာသင်ခန်း၊ စာသင်ကျောင်းဆိုတာ ကလေးတွေအတွက်အိမ်ပဲ။ လူမှုဘဝတွေကို ပေါင်းကူးပေးတဲ့ နေရာဆိုလည်းဟုတ်ပါတယ်။ ဒါပေမယ့် သူတို့ ဘဝတွေကတော့ ကျောင်းဆိုတဲ့အရာနဲ့ အလှမ်းဝေးနေတုန်းပဲ။

ဒီဒေသမှာ အလုပ်လုပ်ရင်း ကျွန်တော် ကြုံခဲ့တာလေးမျှဝေချင်ပါတယ်။ ထုတ်ရေးဖို့ သင့်မသင့် အကြိမ်ကြိမ်စဉ်းစားပြီးမှ ရေးမိတာပါ။ ကျွန်တော် ပွဲလေးတပွဲလုပ်တယ်။ ပွဲလုပ်တော့ ထုံးစံအတိုင်း တက်ရောက်မှုမှတ်တမ်းလေးတွေ ကောက်တယ်ပေါ့။ ညီမလေးတစု နာမည်ရေးပြီးလက်မှတ်ထိုးပေးပါဆိုတော့ သူတို့က လူကို ကြောင်ကြည့်နေကြတယ်။ သူတို့ အချင်းချင်း ပြုံးစိစိနဲ့ ရှက်စိတ် စိုးရွိ့စိတ်တွေမျက်နှာမှာပေါ် လာတယ်။ အဲ့မှာ ကျွန်တော်နားလည်လိုက်တာ မှားပြီလို့။

ကျွန်တော်လည်း သူတို့ကို အတော်ကို အားနာမိပါတယ်။ သူတို့ ထဲက တယောက် ပြန်ပြောတာက ညီမတို့ စာမရေးတတ်ဘူးတဲ့။ လူဦးရေ သန်း ၅ဝ လောက်သာပြောတဲ့ ဗမာ စကား မတတ်တာ မရေးတတ်တာဟာ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ဘာသာစကားတခုခုတော့ ရေးတတ် ပြောတတ်ရင် ဘဝမှာပိုအဆင်ပြေတာပေါ့။ လူလည်း အတော်ကို မှိုင်ကျပြီး စိတ်မကောင်းအတော် ဖြစ်မိပါတယ်။

အဲ့ဒီအချိန်မှာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နာ ဝါဆန်ပိုင်လီးကလီး ပြောတာလေးကို သတိရမိပါတယ် “ပညာရေးမရှိရင် ဒီကလေးတွေဟာ ရာဇဝတ်မှု၊ အမြတ်ထုတ်ခံရမှု၊ အလုပ်သမားအလွဲသုံးစားပြုမှုတွေနဲ့ ရင်ဆိုင်ရမယ်။ ဒီပြဿနာတွေက နောက်ဆုံးမှာ ထိုင်းလူ့အဖွဲ့ အစည်းကို ထိခိုက်စေတယ်” ဆိုတာလေးပါ။

မိဘတွေက တည်ငြိမ်တဲ့ အလုပ်အကိုင်မရှိတော့ ရာသီအလိုက်အလုပ်အကိုင်တွေကိုရှာဖွေရင်း မကြာခဏပြောင်းရွှေ့ကြရတယ်။ ကလေးတွေကလည်း ကျောင်းထွက်သွားလိုက်၊ ကျောင်းပြန်တက်ဖို့ စာရင်းပြန်ပေးလိုက် ဒါမှမဟုတ် ဒီစနစ်အတွင်းကနေ လုံးဝကွယ်ပျောက်သွားကြပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ခွင်ထဲကိုရောက်သွားကြတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေဘောင်က စာရွက်ပေါ်မှာတော့ ဖြစ်ပေါ်တိုးတက်မှုတွေအများကြီးပါ။ ၁၉၉၉ ခုနှစ် အားလုံးအတွက် ပညာရေးမူဝါဒနဲ့ ၂ဝဝ၅ ခုနှစ် မှတ်ပုံမတင်ထားသူများအတွက် ပညာရေးဆိုင်ရာ ကက်ဘိနက်ဆုံးဖြတ်ချက်တွေကနေစတင်ပြီး မှတ်ပုံတင်မထားသူတွေနဲ့ နိုင်ငံမဲ့ကလေးများအပါအဝင် ကလေးအားလုံးသည် အစိုးရစာသင်ကျောင်းများတွင် အခမဲ့ပညာရေးနှစ် ၁၅ နှစ်ရရှိပိုင်ခွင့်ရှိတယ်ဆိုပြီး ပြဌာန်းထားပါတယ်။

၂ဝ၁၉ ခုနှစ်မှာ ရွှေ့ပြောင်းနေထိုင်သူကလေးပေါင်း ၁၅ဝ,ဝဝဝ ခန့်ဟာ ထိုင်းအစိုးရစာသင်ကျောင်းတွေမှာ စာရင်းပေးသွင်းထားတယ်လို UNICEF ရဲ့ စာရင်းဇယားတွေက ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဒါတွေက အပြည့်အစုံကာမိတာတော့ မဟုတ်ပါဘူး။

နိုင်ငံတစ်ဝှမ်းမှာ စာရွက်စာတမ်းတွေမရှိတာကြောင့်၊ ငွေကြေးဝန်ထုပ်ဝန်ပိုးနဲ့ ဝန်ဆောင်မှုပေးသူတွေနဲ့ နားလည်မှုမရှိခြင်းကဲ့သိုသော လက်တွေ့အတားအဆီးတွေကြောင့် ရွှေ့ပြောင်းနေထိုင်သူကလေးပေါင်း ၂ဝဝ,ဝဝဝ ခန့်ဟာ ကျောင်းမတက်ရောက်နိုင်ကြသေးဘူးလို့ UNICEF ကထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ် မဟီဒိုလ်တက္ကသိုလ်ရဲ့ အစီရင်ခံစာတစ်ခုအရ မြန်မာနိုင်ငံက ကလေးများအပါအဝင် ရွှေ့ပြောင်းနေထိုင်သူကလေးပေါင်း ၄ဝဝ,ဝဝဝ ကနေ ၅ဝဝ,ဝဝဝ ခန့်ရှိသော်လည်း ၃၄ % သာလျှင် ထိုင်းကျောင်းတွေမှာ တက်ရောက်နေပြီး ၅% သာလျှင် ရွှေ့ပြောင်းနေထိုင်သူကျောင်းတွေမှာ တက်ရောက်နေတယ်လို ဖော်ပြထားပါတယ်။ အံ့သြစရာကောင်းတာကတော့ သူတို့ထဲက ၆၁% ဟာ တရားဝင်ပညာရေးမရှိတာပါပဲ။

MLCs တွေမှာ အသက် ၃ နှစ် ကနေ ၁၈ နှစ်အတွင်းမှာရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူကလေးတွေရဲ့ ၂၇% ခန့်သာ တက်ရောက်နေကြတယ်လို စာရင်းတွေက ဖော်ပြနေကြပါတယ်။ ၂ဝ၂၄ ခုနှစ်အစောပိုင်းမှာ ကလေးပေါင်း ၁၄,ဝဝဝ ကျော် MLC စင်တာ ၆၄ ခုမှာ စာရင်းပေးသွင်းထားတယ်လို Humanium အဖွဲက ထုတ်ပြန်ထားတာလည်းတွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒီစင်တာတွေဟာ ရန်ပုံငွေနည်းပါးမှု၊ မတည်ငြိမ်သောလည်ပတ်မှု နဲ့ ပိတ်သိမ်းခံရမည့်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆူရတ်ထာနီက MLC တွေပိတ်သိမ်းခံရပြီးနောက် ကလေးပေါင်း ၂,ဝဝဝ ကျော်ဟာ ကျောင်းမတက်ရဘဲ ပညာရေးခရီးနှောင့်နှေးသွားပါတယ်။

အခက်အခဲတွေရှိနေသည့်တိုင်အောင် ကျွန်တော်တို့မှာမျှော်လင့်ချက် တွေ ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့အပတ်က ကျွန်တော် ရွာတရွာကို သင်တန်းလေးသွားပေးဖြစ်တယ်။ အဲ့ဒီမှာ မြန်မာရွှေ့ပြောင်းကျောင်းသားလေးရဲ့ မှတ်စုစာအုပ်လေးတွေ့ဖြစ်တယ်။ အဲ့ဒီမှတ်စုထဲမှာ ထိုင်းဘာသာ ဗမာဘာသာ စတာတွေနဲ့ ရောယှက်ပြီးမှတ်ထားတယ်။ အဲ့ဒါက သူတို့ရဲ့ဖြစ်တည်မှုနဲ့ မျှော်လင့်ချက်တွေကို ထင်ဟပ်ပြနေတဲ့ ဘာသာစကားများပေါင်းစပ်မှုတခုလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ထားဝယ်ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ပညာရေးဟာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေဆီကို ပို့ပေးမယ့် လမ်းကြောင်းတစ်ခုသာမဟုတ်ဘဲ ပညာရေးဟာ ဂုဏ်သိက္ခာ၊ အထောက်အထားနဲ့ နေရာတစ်ခုကို အိမ်လို့ ခေါ်ဆိုပိုင်ခွင့်အတွက် တိုက်ပွဲတခုဖြစ်ပါတယ်။

ဓာတ်ပုံ- ထိုင်းနိုင်ငံတောင်ပိုင်းရှိ FED/ULC ရွှေ့ပြောင်းကလေးငယ်များ သင်ကြားရေးစင်တာ။

Photo – Migrant Times

#Migranttimes

#မြန်မာ‌‌ရွှေေ့ပြောင်း

#ပညာရေး

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Similar Posts