မြန်မာဒုက္ခသည်များအား ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်ပေးမည်ဟု ထိုင်းဝန်ကြီးပြော

စက်တင်ဘာ ၄ ၊ Migrant Times ။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ခုနစ်ခုတွင် နေထိုင်သည့် မြန်မာဒုက္ခသည် ၇ သိန်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်ကောင်းမွန်လာစေရန် ဘတ်ငွေ သန်း ၁၆ဝ ကို ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ခွဲဝေပေးမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
အဆိုပါ စခန်းများတွင် နေထိုင်သူများ ကျန်းမာရေး ဝန်ဆောင်မှုရရှိစေရန် ဘတ်ဂျက်အစီအစဉ်ကို ဝန်ကြီးဌာနက ချမှတ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ၀န်ကြီး Somsak Thepsutin ကပြောကြားသည်။
အမေရိကန်သမ္မတ Trump ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် ထိုင်း-မြန်မာ ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ထိခိုက်ခဲ့သည်။ ထို့ကြောင့် ဒုက္ခသည်စခန်းများတွင်ရောဂါ အမျိုးမျိုးဖြစ်ပွားနိုင်ခြေ မြှင့်မားမည်ဖြစ်ကြောင်း ဝန်ကြီး Somsak Thepsutin က ပြောကြားသည်။
ထိုင်းအစိုးရ၏ ဒုက္ခသည်များကို စခန်းပြင်ပတွင် အလုပ်လုပ်ခွင့် လက်မှတ်ကိုင်ဆောင်ခွင့် ပြုခြင်းသည် ဒုက္ခသည်များအတွက် လူမှုဖူလုံရေးစနစ်ဖြင့် အကျုံးဝင်စေမည့် အဓိကအချက်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို လူမှုဖူလုံရေးရန်ပုံငွေသို့ လှူဒါန်းရန် တာဝန်ပေးထားကြောင်း သူကဆိုသည်။
ထိုင်း-မြန်မာနယ်စပ် အုန်းဖြန် ဒုက္ခသည်စခန်းတွင် နေထိုင်နေသူအမျိုးသမီးတစ်ဦးကလည်း
“ထောက်ပံ့စရိတ်ကတော့ ဒီနှစ် ၈ လပိုင်းထဲက မရတော့တာ ၊ ကျန်တဲ့ ခြင်ထောင်စတဲ့ ပစ္စည်းထောက်ပံ့တာကတော့ မရတော့ ၅ နှစ်လောက်ရှိပြီ ။ ဆန်နဲ့ဆီနဲ့ ဖြတ်တောက်တာကတော့ ဒီနှစ် ၇ လပိုင်းအကုန်မှ ဒါပေမဲ့ ဒီမှာရှိတဲ့လူတွေက ဒါကိုပဲ အဓိက အားထားနေရတာ ၊ အလုပ်ကအပြင်မှာသွားလုပ်လို့မှမရတာ အရင်တုန်းက လူတစ်ယောက်နှုန်းကို ၃၂၄ ဘတ် အထိပေးထားတာကို ၇ လပိုင်းက စပြီးဖြတ်တောက်လိုက်တော့ အဆင်မပြေဘူးဖြစ်သွားတာပေါ့” ဟု Migrant Times ကိုပြောသည်။
ဝန်ကြီးဌာနသည် ဒုက္ခသည် စခန်းများတွင် နေထိုင်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးဆောင်ရန် တစ်နှစ်လျှင် ဘတ်ငွေ ၁၉ သန်းဖြင့် မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၂၉၆ ဦးကို ခန့်အပ်ရန် အစီအစဉ် ရှိကြောင်း၊ ရွှေ့ပြောင်းအလုပ်သမား ၄ သန်း၏ ၂၂.၆ % သည် မည်သည့်ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်မှ အကျုံးမဝင်ကြောင်း၊ ၄င်းတို့၏၄၂.၁ % သည် ယခုအခါ လူမှုဖူလုံရေးအစီအစဉ်အောက်တွင် ရှိနေသည်ဟု ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဓာတ်ပုံ – ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းများ။ (ပုံဟောင်း)
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes