ဘန်ကောက်မြို့ရှိ မြန်မာလုပ်သား ၄၃ ဦး လစာ ဘတ် ၁ဝ သိန်းကျော်မရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊စူကိုဝစ်ဆွယ်(၁)တွင်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား ၄၃ ဦး၏ လုပ်ခနှစ်လစာ ဘတ် ၁ဝ သိန်းကျော်အား အလုပ်ရှင်မှပေးချေခြင်းမရှိကြောင်း အလုပ်သမားများကပြောသည်။

“ပိုက်ဆံထွက်မယ့်ရက်က ဟိုရက်ရွေ့ဒီရက်ရွေ့နဲ့ခု ၂ လဖြစ်သွားပြီ။ ကျနော်တို့လိုချင်တာက လုပ်အားခ နှစ်လစာရယ် စာအုပ်စာတမ်းတွေရယ် သူဌေးလက်မှတ်ပါတဲ့ ဘိုက်ကျန့်အော်ရယ်လိုချင်ပါတယ်” ဟု မြန်မာအလုပ်သမားတစ်ဦးကပြောသည်။

မြန်မာအလုပ်သမားများသည် MoU ဖြင့်လာရောက်သည့်အလုပ်သမား၊ CI စာအုပ်နှင့် ပန်းရောင်ကတ်(ဘတ်)အသစ် ကိုင်ဆောင်ထားကြသူများဖြစ်ပြီး ထိုလုပ်ငန်းတွင်လုပ်ကိုင်နေသည်မှာ ၂ နှစ်မှ ၆ နှစ်ခန့်အထိရှိနေပြီဖြစ်ကြောင်း သိရသည်။

အလုပ်ရှင်သူဌေးက ဇူလိူင်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိနှစ်လစာ လစာမပေးဘဲပြုလုပ်နေပြီး မြန်မာအလုပ်သမား ၄၃ ဦး၏ လစာမှာ (၁)ဦးလျှင် ဘတ် ၂၅,ဝဝဝ နှုန်းဖြင့် ထိုင်းဘတ်ငွေ ၁ဝ သိန်းကျော်ရရန်ရှိနေကြောင်း ၊ ၎င်းအလုပ်သမားများ၏ စာရွက်စာတမ်းများကိုလည်း သူဌေးက သိမ်းဆည်းထားကြောင်း မြန်မာအလုပ်သမားများအား ကူညီမှုပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။

မြန်မာအလုပ်သမားများ၏လစာနှင့် စာရွက်စာတန်းများပြန်လည်ရရှိရန် စက်တင်ဘာလ ၈ ရက်နေ့မှစတင်ကာ ကူညီပေးနေကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

Photo – WAG

Migrant Times

Similar Posts