ထိုင်းတွင် အနိုင်ကျင့် ထိုးကြိတ်ခံရသည့် မြန်မာအမျိုးသမီးကို ကူညီ

ထိုင်းနိုင်ငံ ၊ စာမွတ်ဆာခွန်ခရိုင် ကထုဘန်နယ်မြေရှိ အိမ်အလုပ်ရုံတစ်ခုတွင် မြန်မာအမျိုးသမီးကို ထိုင်းအမျိုးသားတစ်ဦးက အနိုင်ကျင့် ထိုးကြိတ်ခဲ့သည့်အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ ၊ မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီမှသိရသည်။

ဌင်းအလုပ်ရုံတွင် အလုပ်အတူတူလုပ်ကိုင်နေသော မြန်မာအမျိုးသမီး နှင့် ထိုင်းအမျိုးသမီးတို့သည် မေလ ၁ဝ ရက်နေ့ မနက်ပိုင်း၌ အလုပ်ထဲတွင်စကားများခဲ့ကြသည်။

ထို့နောက်ထိုင်းအမျိုးသမီးမှ ထမင်းစားနားချိန် နေ့လည် ၁၂ : ၅၀ အချိန်တွင် ပြင်ပမှ ထိုင်းအမျိုးသား၄ ဦးဆောင်ကို ခေါ်ဆောင်လာပြီး ထိုအထဲမှ ထိုင်းအမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး၏ မျက်နှာနှင့်လည်ပင်းများကို ထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ထိုသို့အထိုးခံရစဉ် အလုပ်ရုံ အစောင့်ဂိတ်တာဝန်ကျသူက မြင်တွေ့ခဲ့သော်လည်း ဝင်ရောက်ဖြန်ဖြေပေးခြင်းမရှိဘဲ ကြည့်နေခဲ့ကြောင်း အထိုးခံခဲ့ရသည့် မြန်မာအလုပ်သမားအမျိုးသမီးက ပြောသည်။

“ ကိုယ်နဲ့လည်း ရန်ငြိုးရန်စလဲမရှိ ဘယ်ကမှန်းလဲမသိပဲ လာလုပ်သွားတော့ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်” ဟု သူမက MHAC မဟာမိတ်အဖွဲ့ထံ ပြောကြားသည်။

မြန်မာအလုပ်သမားအမျိုးသမီးသည် သူမ၏ နစ်နာမှုအတွက် တရားဥပဒေအတိုင်း ကူညီပေးပါရန် MHAC မဟာမိတ်အဖွဲ့ထံ ဆက်သွယ်အကူအညီ တောင်းခံခဲ့ခြင်းဖြစ်သည်။

MHAC မဟာမိတ် အဖွဲ့ဝင်များမှ နစ်နာခဲ့သူ မြန်မာအလုပ်သမားအား အကြောင်းစုံစစ်ဆေးမေးမြန်းကာ ကထုဘန်နယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားပေးခဲ့သည့် အပြင် ပကန်ဆံခုန် ရှိရာ စာမွတ်ဆာခွန်ဆေးရုံသို့ သွားရောက်ပြီး စစ်ဆေးကုသမှုများ ကနဦးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကထုဘန် ရဲစခန်း တာဝန်ကျရဲများမှ အကြောင်းစုံ စစ်ဆေးမေးမြန်းပြီး အခင်းဖြစ်ပွားရာ နေရာသို့သွားရောက်ကာ အနီးအနားရှိ CCTV မှတ်တမ်းများကို ကြည့်ရှု့ စစ်ဆေးပြီး တရားဥပဒေနှင့်အညီ အမှုမှန်အတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း MHAC အဖွဲ့မှသိရသည်။

ထိုင်းရောက်ရွှေ့ပြောင်း မြန်မာအလုပ်သမားများသည် လုပ်ငန်းခွင်များ ဝင်ရောက်စဉ်၌အလုပ်သမားအချင်းချင်း အပြင် အချို့သော အိမ်ရှင်ထိုင်းလူမျိုးများ၏ လူမျိုးရေးခွဲခြားကာ အနှိမ်ခံ အနိုင်ကျင့်မှုများကြုံတွေ့နေရ ကြောင်း MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။

သတင်း – Migrant Times

ဓာတ်ပုံ – MHAC မဟာမိတ်အဖွဲ့

အနိုင်ကျင့် ထိုးကြိတ်ခံခဲ့ရသည့် မြန်မာအမျိုးသမီး။

Similar Posts