အောက်တိုဘာ ၂၉ ၊ Migrant Times ။
ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား ၂၆ ဦးအား ယနေ့တွင် မြန်မာ-ထိုင်းအမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
၎င်းပြင် မြဝတီမြို့-မဲ့ထော်သလေး (KK Park) နယ်မြေသို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပါကစ္စတန်နိုင်ငံသား ၆ဝ ဦး၊ ကင်ညာနိုင်ငံသား ၅၆ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၄၁ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁၁ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၆၈ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၀,၆၄၀ ဦး ထိန်းသိမ်းခဲ့ကာ ၁၀,၂၈၇ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက် ၉,၃၆၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းခဲ့ကြောင်း ထုတ်ပြန်သည်။
ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၂၇၅ ဦးကို သက်ဆိုင်ရာနိုင်ငံများသို လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီကြောင်း ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
မြဝတီမြို-မဲ့ထော်သလေး (KK Park) နယ်မြေဝင်းအတွင်းရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို စစ်တပ်က ဖမ်းဆီးနေသည့်အတွက် ၎င်းလုပ်ငန်းများက နိုင်ငံခြားသားများ သောင်ရင်းမြစ်ကူးကာ ထွက်ပြေးခဲ့ကြကြောင်း ထိုင်းသတင်းများက ပြီးခဲ့သည့်ရက်ပိုင်းများတွင်ဖော်ပြသည်။
မဲဆောက်မြို့နယ်ဘက်ခြမ်းသို့ ထွက်ပြေးလာသည့် နိုင်ငံခြားသား ၁ဝဝဝ ကျော်ကိုထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ယာယီစခန်းများတွင် ထားရှိထားကြောင်း ထိုင်းသတင်းများကဖော်ပြသည်။
Photo – MOI
