အောက်တိုဘာ ၃ဝ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီပြည်နယ်၊ ကိုဖန်ငန်ကျွန်းတွင် အောက်တိုဘာလ ၂၈ ရက်နေ့က လိုင်စင်မဲ့ ဟိုတယ်နှစ်ခုကို ခရီးသွားရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် လုပ်ကိုင်မှုဖြင့် စပိန်နိုင်ငံသား ၃ ဦး၊ ထိုင်းနိုင်ငံသား ၂ ဦး၊ အာဂျင်တီးနားနိုင်ငံသား ၁ ဦး၊ ပိုလန်အမျိုးသမီး ၁ ဦးနှင့် မြန်မာလုပ်သား ၅ ဦးအပါအဝင် စုစုပေါင်း (၁၂) ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ခရီးသွားရဲတပ်ဖွဲ့က ကိုဖန်ငန်ရပ်ကွက်ရှိ The 10 Club Hostel ကိုဝင်ရောက်စစ်ဆေးခဲ့ရာတွင်ထိုင်းအမျိုးသမီး ၁ ဦး၊ စပိန်အမျိုးသား ၁ ဦးတို့ကို ခွင့်ပြုချက်မရှိဘဲ ဟိုတယ်လုပ်ငန်း ပူးတွဲလုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့သည်။
၎င်းဟိုစတယ်တွင် စာရေးအဖြစ်လုပ်ကိုင်နေသည့် စပိန်နိုင်ငံသား ၁ ဦးနှင့် အခြား စပိန်နိုင်ငံသား ၁ ဦးကိုလည်း အလုပ်ပါမစ်မရှိဘဲ လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့သည်။ ထို့ပြင် မြန်မာအလုပ်သမား ၅ ဦးကိုလည်း ခွင့်ပြုထားသည့် လုပ်ငန်းအတိုင်းအတာထက် ကျော်လွန်၍ လုပ်ကိုင်မှုနှင့် ခရီးသွားရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။
ခရီးသွားရဲတပ်ဖွဲ့က ကိုဖန်ငန်ရပ်ကွက်ရှိ Kiko Hostel ကို ဆက်လက်စစ်ဆေးခဲ့ပြီး ထိုင်းနိုင်ငံသား ၁ ဦးအား ဟိုတယ်လုပ်ငန်း လုပ်ကိုင်မှုနှင့် အလုပ်ပါမစ်မရှိသော နိုင်ငံခြားသားများအား ခန့်အပ်မှုဖြင့်ဖမ်းဆီးခဲ့သည်။ Kiko Hostel တွင် အလုပ်ပါမစ်မရှိဘဲ လုပ်ကိုင်နေသည့် အာဂျင်တီးနားနိုင်ငံသား ၁ ဦး၊ ပိုလန်အမျိုးသမီး ၁ ဦး တို့ကိုလည်း ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသည့် (၁၂) ဦးလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် ကိုဖန်ငန်ရဲစခန်းထံ လွှဲပြောင်းခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photo – khaosod


