အောက်တိုဘာ ၃ဝ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် အခြေစိုက်သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်း (FED)၏၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်ပွဲကို လာမည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း FED အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က Migrant Times ကိုပြောကြားသည်။
FED ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အဖြစ် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်စို့၊အလုပ်သမားဘဝ တိုးတက်ဖို့ မူးယစ်ဆေးဝါးရှောင်ကြစို့၊ ရွေ့ပြောင်း ပညာရေး အားပေးစို့ စသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ ဘဝ၊ ကြိုးစားရုန်းကန်မှု၊ အခက်အခဲနှင့် လူမှုဘဝ လှုပ်ရှားမှုများကို ပေါ်လွင်စေမည့် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဓာတ်ပုံ၊ကာတွန်း၊ပညာပေးဇာတ်လမ်းတိုနှင့် သီချင်းဖြင့်လည်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
“ရွှေ့ပြောင်းအလုပ်သမားတွေကို အဓိက ရည်ရွယ်တာပါ။ ဒီပြိုင်ပွဲ လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ ဘဝသရုပ်ဖော်ပြတာရယ်၊ သူတို့ရဲ့ ဘဝအခြေအနေ ဖြတ်သန်းမှုတွေကို ဖော်ညွှန်းနိုင်အောင် ရည်ရွယ်တာရယ်၊ နောက်တစ်ခုက ကျွန်တော်တို့ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာလဲ စာပေ၊အနုပညာရှင်တွေ ပေါ်ထွန်းလာအောင်ဆိုတဲ့ ရည်ရွယ်ချက်၊တခြားကျွမ်းကျင်ပြီးတဲ့ လူတွေကိုယ်၌ကရော စာပေ၊အနုပညာရှင်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားကို တကယ်စိတ်ဝင်စားအောင် ရွှေ့ပြောင်းအလုပ်သမားကြားမှာ ပညာပေးနိုင်အောင် နိုင်ငံတကာသိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ခြင်းဖြစ်ပါတယ်”ဟု ဦးထူးချစ်က ပြောကြားသည်။
ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဓာတ်ပုံ၊ကာတွန်း၊ပညာပေးဇာတ်လမ်းတိုနှင့် သီချင်း ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မိမိပြိုင်ဆိုင်လိုသည့် ကဏ္ဍ အား ပီပြင်စွာရေး၍ heinminhtet@migranttimes.com သို့ နိုဝင်ဘာလ ၂၅ ရက်နေ့ ၊ ထိုင်းစံတော်ချိန် ည (၈) နာရီ နောက်ဆုံးထားပြီး ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ်သိရှိလိုပါက အီးမေးလ် လိပ်စာအပြင် ဖုန်းနံပါတ် ၀၉၉၃၇၉၀၉၁၂ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း FED ကထုတ်ပြန်သည်။
ထို့ပြင် FED ၏ ၂၅ နှစ်ပြည့် (ငွေရတု) အထိမ်းအမှတ်ပွဲအတွက် ကံစမ်းမဲများဖြင့် ရန်ပုံငွေ ရှာဖွေလျက်ရှိပြီး တစ်စောင်လျှင် ဘတ် ၁ဝဝ ဖြင့် https://www.facebook.com/FEDgrassroots ပေ့စ်မှတဆင့်ဝယ်ယူနိုင်ကြောင်းသိရသည်။
ရန်ပုံငွေ၏ ၄၀ ရာခိုင်နှုန်းကို ကံစမ်းမဲများ ဖွင့်ဖောက်ပေးမည် ဖြစ်ပြီး ကျန်ရှိသည့်ပမာဏအား ထိုင်းလှုမှုဖွဲ့အစည်းများသို့ လှုဒါန်းခြင်း၊ ရွှေ့ပြောင်းအရေးအတွက် သုံးစွဲခြင်းနှင့် ငွေရတု အထိမ်းအမှတ်ပွဲ အတွက် သုံးစွဲမည်ဖြစ်ကြောင်း FED ကထုတ်ပြန်သည်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်း (FED) ကို ၂ဝဝဝ ခုနှစ်၌ ထိုင်းနိုင်ငံ ဆန်ခလဘူရီမြို့နယ်အတွင်းတွင် အခြေခံလူထုလူ့အခွင့်အရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (GHREDC – Grassroots Human Rights Education and Development Committees) အနေဖြင့် စတင်ခဲ့ကြောင်း သိရသည်။
