နိုဝင်ဘာ 2, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ချင်းမိုင်တွင် လိမ်လည်မှုများလုပ်သည့် တရုတ် Call Center ဂိုဏ်းဝင် ၂ဝ ဦးကိုဖမ်းမိ 🟥လစာ ဘတ် ၁ သိန်းကျော်ရပြီး တလ ဘတ် ၁ သိန်းကျော်တန်ဇိမ်ခံအိမ်ကိုငှားရမ်းထား

အောက်တိုဘာ ၃ဝ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ ၊ မောင်ချင်းမိုင် (Mueang Chiang Mai) ၊ ဒေါင်းကဲဝ် (Don Kaeo) ရပ်ကွက်ရှိဇိမ်ခံအိမ်တစ်လုံးကို ယနေ့နံနက်တွင် ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ပြီး Call Center နှင့် အခြားလိမ်လည်မှုများပြုလုပ်သည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ဖမ်းမိခဲ့ကြောင်း ချင်းမိုင်သတင်းကဖော်ပြသည်။

တရုတ်နိုင်ငံသားများသည် ၎င်းဇိမ်ခံနေအိမ်ကို တစ်လလျှင် ဘတ်ငွေ ၁၂၀,၀၀၀ ဖြင့် ငှားရမ်းထားကြပြီး နှစ်လကျော်ကြာ ပုန်းခိုနေခဲ့ကြကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ဝင်ရောက်စီးနင်းစဉ်တွင်တရုတ်အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၂ဝ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လူတစ်ဦးမှာ ဒုတိယထပ်မှ ခုန်ချခဲ့၍ ခြေကျိုးသွားပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

၎င်းတို့သည် တရုတ်နိုင်ငံသားများကို လိမ်လည်ရန်အတွက် သူဌေးတဦးထံမှ တစ်ဦးလျှင် ဘတ်ငွေ ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ ခန့် ရရှိကြောင်း ၊ ၎င်းတို့အနက် အချို့မှာ ခရီးသွားဗီဇာဖြင့် တစ်နှစ်နီးပါး နေထိုင်ခဲ့ကြသူများဖြစ်ပြီး၊ အချို့မှာ မကြာသေးမီ နှစ်လခန့်အကြာမှ ဝင်ရောက်လာကြသူများဖြစ်ပြီး ခရီးသွားဗီဇာများ လစဉ် သက်တမ်းတိုးခဲ့ကြကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

တရုတ်နိုင်ငံသားများ ကို ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ ဆင်းမ်ကတ်များ နှင့် Call Center လုပ်ငန်းများတွင် အသုံးပြုသည့် အခြားစက်ပစ္စည်းများ အပါအဝင် သက်သေခံပစ္စည်းများဖြင့်
ဖမ်းဆီးခဲ့ပြီး စစ်ဆေးရန် ခေါ်ဆောင်သွားကြောင်း ချင်းမိုင်သတင်းကဖော်ပြသည်။

ချင်းမိုင်မြို့တွင် တရုတ် Call Center ဂိုဏ်းဝင်များကို ၂၀၂၄ ခုနှစ်၊ ဇူလိူင်လအစောပိုင်းက ဟန်းဒေါင် (Hang Dong) မြို့နယ်တနေရာနှင့် ဇူလိူင်လနှောင်းပိုင်းတွင် မယ်ရမ် (Mae Rim) မြို့နယ်တနေရာတွင်ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

အဆိုပါအဖွဲ့များသည် ထိုင်းနိုင်ငံတွင် ၎င်းတို့၏ တရုတ်နိုင်ငံသားများကို လိမ်လည်ရန် Call Center များကို လည်ပတ်နေကြောင်း ၊ ယခုရောက်ရှိလာသော လူသစ်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဇူလိူင်လနှောင်းပိုင်းတွင် ဖမ်းဆီးခံရသူများနှင့် အဖွဲ့အစည်း တစ်ခုတည်းမှ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

photo – CM 108