အောက်တိုဘာ ၃ဝ ၊ Migrant Times ။
– ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် – CI စာအုပ် သက်တမ်းတိုးပေးသည့် Mobile Unit စင်တာများကို ယခင်က နိုဝင်ဘာလ ၅ ရက်ထိသာပြုလုပ်ပေးမည်ဟုသတ်မှတ်ထားခဲ့သော်လည်း ဒီဇင်ဘာလ ၂၁ ရက်ထိ တို့းမြှင့်ပြုလုပ်ပေးရန် မြန်မာနိုင်ငံဘက်မှသတ်မှတ်လိုက်ကြောင်း ထိုင်းအလုပ်သမားရေးရာဌာနက စာထုတ်ပြန်သည်။
– ထိုင်းနိုင်ငံတောင်ပိုင်းတွင် အခြေစိုက်သည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်းဒေးရှင်း (FED)၏၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်ပွဲကို လာမည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရွှေ့ပြောင်း အလုပ်သမားများ၏ ဘဝ၊ ကြိုးစားရုန်းကန်မှု၊ အခက်အခဲနှင့် လူမှုဘဝ လှုပ်ရှားမှုများကို ပေါ်လွင်စေမည့် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဓာတ်ပုံ၊ကာတွန်း၊ပညာပေးဇာတ်လမ်းတိုနှင့် သီချင်းဖြင့်လည်း ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
– ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့တွင် အသက် ၂၈ နှစ်အရွယ် မြန်မာအလုပ်သမား ကိုဝေလင်းကျော်သည် အောက်တိုဘာလ ၂၈ ရက်နေ့ ၊ နေ့လယ် ၂ နာရီ ၂ဝ မိနစ်ခန့်၌ Kathu ရပ်ကွက် လူမှုဖူလုံရေးရုံးရှေ့ လမ်းမပေါ်တွင် အမှိုက်သိမ်းဆည်းသည့်ကားပေါ်က ပြုတ်ကျကာ ရရှိသည့်ဒဏ်ရာဖြင့် ဆေးရုံတွင်သေဆုံးခဲ့ကြောင်း ဖူးခက်သတင်းကဖော်ပြသည်။
– ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီပြည်နယ်၊ ကိုဖန်ငန်ကျွန်းတွင် အောက်တိုဘာလ ၂၈ ရက်နေ့က လိုင်စင်မဲ့ ဟိုတယ်နှစ်ခုကို ခရီးသွားရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် လုပ်ကိုင်မှုဖြင့် စပိန်နိုင်ငံသား ၃ ဦး၊ ထိုင်းနိုင်ငံသား ၂ ဦး၊ အာဂျင်တီးနားနိုင်ငံသား ၁ ဦး၊ ပိုလန်အမျိုးသမီး ၁ ဦးနှင့် မြန်မာလုပ်သား ၅ ဦးအပါအဝင် စုစုပေါင်း (၁၂) ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
– ထိုင်းနိုင်ငံ၊မလေးနယ်စပ်ရှိ ဆုန်ခလာခရိုင်၊စဒေါင်မြို့၊ဖန်လားကျေးရွာရှိ ဆောက်လုပ်ရေးလုပ်ငန်း တွင် အလုပ်လုပ်နေသောမြန်မာအလုပ်သမား ကိုကျော်မိုးလှိုင်သည် အလုပ်လုပ်နေရင်း ဓါတ်လိုက်ပြီး ညာဘက်ခြေထောက် ဒူးအောက်ပိုင်း ဆုံးရှုံးသွားသည့်အတွက် နစ်နာကြေးရရန် ဆက်လက်ကူညီပေးနေကြောင်း ၊စမူဆုန်ခရန်ခရိုင်၊ မဲကောင်မြို့ရှိ ဆောက်လုပ်ရေးအလုပ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာ အလုပ်သမား ၅ ဦး၏ လုပ်အားခများ ယနေ့တွင် ပြန်လည်ရရှိခဲ့သဖြင့် အမှုကို၏ပိတ်သိမ်းခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ ၊ မောင်ချင်းမိုင် (Mueang Chiang Mai) ၊ ဒေါင်းကဲဝ် (Don Kaeo) ရပ်ကွက်ရှိဇိမ်ခံအိမ်တစ်လုံးကို တစ်လ ဘတ်ငွေ ၁၂၀,၀၀၀ ဖြင့် ငှားရမ်းပြီး လစာဘတ်ငွေ ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ ခန့် ရရှိသည့် Call Center နှင့် အခြားလိမ်လည်မှုများပြုလုပ်သည့် တရုတ်နိုင်ငံသား ၂၀ ဦးကို ယနေ့တွင် ရဲတပ်ဖွဲ့က စီးနင်းကာ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းကဖော်ပြသည်။

