အောက်တိုဘာ ၃၁ ၊ Migrant Times ။
– မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်မှ တရားမဝင် ဝင်ရောက်ပြီး ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး (KK Park) နယ်မြေရှိ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၂၈ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၂၀ ဦး၊ နီပေါနိုင်ငံသား ၂ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၁ ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၅၁ ဦးအား ထပ်မံထိန်းသိမ်းခဲ့ပြီး နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ပြည်ပနိုင်ငံသား ၁၄၃ ဦးကို ထပ်မံစစ်ဆေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ ၊ စူရတ်ဌာနီ ၊ကော့စမွီမြို့ Bo Phut ရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တွင် ထိုင်းရဲတစ်ဦးက ဆံပင်ညှပ်ခံပြီးနောက် မြန်မာနိုင်ငံသား ဆံသဆရာကို ဖမ်းဆီးခဲ့သည်။ ဆံပင်ညှပ်ပြီးနောက်မှ အရာရှိဖြစ်ကြောင်း မိတ်ဆက်ပြီး မြန်မာဆံသဆရာအား ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်အားလုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့တွင်ဖော်ပြသည်။
– ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့၊ ကထူးပင်ရှိ သံရုံတစ်ခုတွင်အလုပ်လုပ်သည့် မြန်မာအမျိုးသမီးအလုပ်သမား ၁ ဦးသည် ၂ဝ၂၄ ခုနှစ် ဇူလိုင်လတွင် စက်ညှပ်သောကြောင့် ဦးခေါင်းအရေပြားတစ်ခြမ်းဆုံးရှုံးကာ ပွန်းပဲ့ဒဏ်များရရှိခဲ့ပြီး သူမ၏ နစ်နာကြေးအား တစ်နှစ်ကျော်ကြာပြီးမှ အောက်တိုဘာလ၂၈ ရက်နေ့တွင် ပကန်စခွန်ရုံး၌ ဘတ်ငွေ ၇၄၅,၀၀၀ ရရှိရန်ကူညီနိုင်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ ၊ဆုန်ခရာခရိုင်၊ ဟတ်ယိုင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမား ကိုအောင်အောင်သည် ယခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် လုပ်ငန်းတွင်းထိခိုက်ပြီး အောက်သွားဖုံးထိခိုက်ကာ ဘယ်ဘက်လက်မ တစ်ဝက်လည်းပြတ်သွားခဲ့သည်။ ၎င်း၏ ထိခိုက် နစ်နာကြေးပြန်ရရန် ဆောင်ရွက်ပေးနေကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။
– ထိုင်းနိုင်ငံ၊ ပန်ပူလီမြို့နယ်တွင် ငါးဖမ်း အလုပ်လုပ်ကိုင်ရင်း နေရစ်သေဆုံးသွားသည့် ဦးလှအောင်၏ အမှုအား ပန်ပူလီမြို့နယ် ရဲစခန်း၌ ထပ်မံသွားရောက် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း UFF Labor အဖွဲ့ကထုတ်ပြန်ထားသည်။
– ထိုင်းနိုင်ငံ၊ လရောင်းခရိုင်ရှိ V- Solution (Thailand)ကားအပိုပစ္စည်း ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်သမားများ၏ လစာများ ဖြတ်တောက်ခံရခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ပြီး ဆုံးရှုံးမှုဆိုင်ရာ ရပိုင်ခွင့်များနှင့် လူမှုဖူလုံရေးအာမခံငွေထည့်ဝင်ပြီး အသုံးပြု မရခြင်းစသည့် အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရမှုများနှင့်စပ်လျဉ်း၍ ၄င်းစက်ရုံသို့ ဝင်ရောက်စစ်ဆေးခဲ့ပြီး အကျိုးခံစားခွင့်များ ပြန်လည်ရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။
