“ဝန်ထုပ်ဝန်ပိုးမဟုတ်တဲ့ နှောင်ကြိုးတစ်ခု”

မဲဆောက် နယ်စပ်သည် မျှော်လင့်ချက်နှင့် လူသားချင်းစာနာမှုတို့ ပေါင်းကူးပေးရာ တံတားတစ်စင်း ဖြစ်ပါစေ။
အကျပ်အတည်းကာလတွင် မြို့တစ်မြို့၏ မျှဝေခံစားမှု
မဲဆောက်သည် နယ်စပ်မြို့ထက် အမြဲပိုခဲ့သည်။
မဲဆောက်သည် ထိုင်းနှင့် မြန်မာလူမျိုးတို့ ရောင်းဝယ်ဖောက်ကားမှု၊ ယဉ်ကျေးမှု၊ ဆွေမျိုးပေါက်ဖော်မှုများနှင့် မကြာသေးမီနှစ်များအတွင်း အခက်အခဲများမှတစ်ဆင့် မျိုးဆက်ပေါင်းများစွာ ဆက်စပ်နေထိုင်ခဲ့သည့် နေရာတစ်ခုဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်း မဲဆောက်မြို့သို့ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် နိုင်ငံရေးပြိုလဲမှုတို့ကြောင့် ထွက်ပြေးလာကြသည့် မြန်မာပြည်သူများ သိသိသာသာ တိုးများလာခဲ့သည်။
၎င်းတို့ထဲတွင် ကျောင်းသား၊ ဆရာ၊ အနုပညာရှင်နှင့် ပညာရှင်များ ပါဝင်ပြီး သူတို့၏ နေအိမ်များ၊ အလုပ်အကိုင်များနှင့် ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ ယာယီခိုလှုံရန် ရောက်ရှိလာကြခြင်းဖြစ်သည်။
လူအများအပြားသည် ထိုင်းနိုင်ငံက ခိုလှုံခွင့်ပေးထားခြင်းအပေါ် တိတ်ဆိတ်စွာ ကျေးဇူးတင်လျက်ရှိသည်။ သို့သော် မကြာသေးမီ လများအတွင်းတွင် ထိုလုံခြုံမှုများ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာသည်။
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအပေါ် ဖိနှိပ်မှုများ တိုးမြှင့်လာသလို အွန်လိုင်းမှ ဝါဒဖြန့်မှုများက မြန်မာလူမျိုးများကို အလုပ်အကိုင် ခိုးယူသူများ၊ အများပြည်သူဝန်ဆောင်မှုများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသူများ သို့မဟုတ် ဒေသခံစီးပွားရေးလုပ်ငန်းများနှင့် ပြိုင်ဆိုင်သူများအဖြစ် ပိုမို စွပ်စွဲ သရုပ်ဖော်လာကြသည်။
သို့သော် မြန်မာလူမျိုးတိုင်း၏ နောက်ကွယ်တွင် ခြိမ်းခြောက်မှုမဟုတ်ဘဲ ရှင်သန်ရပ်တည်မှု၊ ဂုဏ်သိက္ခာနှင့် ၎င်းတို့ကို လက်ခံထားသည့် နိုင်ငံအပေါ် နက်ရှိုင်းသော လေးစားမှုတို့ပါရှိသည့် ဇာတ်လမ်းတစ်ပုဒ်စီ ရှိနေသည်။
ယခုဖြစ်ရပ်သည် ကျူးကျော်မှု အရေးအခင်းမဟုတ်ပါ။ စာနာရိုင်းပင်မှု ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် ဘုံလူသားချင်း မျှဝေမှုကို စမ်းသပ်ခြင်းဖြစ်သည်။
နယ်စပ်လုပ်သားများ- မြို့၏ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်သူများ
ကိုဗစ်-၁၉ ရောဂါက မဲဆောက်မြို့လမ်းမများကို ရှင်းလင်းသွားပြီးနောက် မြို့ကို အသက်ပြန်သွင်းပေးခဲ့သူများမှာ မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်သည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ သည် လယ်ယာများသို့ ပြန်ရောက်လာပြီး စက်ရုံများ ပြန်ဖွင့်ကာ နေအိမ်များ၊ ဈေးများနှင့် ဆိုင်ခန်းများကို ပြန်လည်အသက်ဝင်စေခဲ့သည်။ မြန်မာရွှေ့ပြောင်းလုပ်သားများ မရှိပါက ဒေသခံစီးပွားရေးလုပ်ငန်းများစွာ ပိတ်သိမ်းသွားလိမ့်မည်ဖြစ်သည်။
ပဲခူးမှ အသက် ၂၇ နှစ်အရွယ် သားသည်အမေ နီလာသည် ယခုအခါ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသည်။ သူမသည် တစ်ရက်လျှင် ဘတ် ၂ဝဝ သာ ရရှိပြီး ဥပဒေအရသတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခထက် နည်းပါးသော်လည်း “ဗုံးဒဏ်ခံရတာထက်တော့ ပိုကောင်းပါတယ်” ဟု ပြောသည်။
သူမ၏ခင်ပွန်းသည် မြန်မာနိုင်ငံတွင် ဆန္ဒပြမှုတစ်ခုအတွင်း ကျည်ထိမှန်ခဲ့သည်။ သူမသည် မွေးကင်းစကလေးငယ်ကို ကျောပိုးထားရင်း ချွေးတပြိုက်ပြိုက်ကျလျက် အင်္ကျီများကို မီးပူတိုက်နေပြီး သူမ၏သားလေး ဘေးကင်းစွာ ကျောင်းတက်နိုင်မည့်နေ့ကို အိပ်မက်မက်နေသည်။
နီလာကဲ့သို့ပင် ရွှေ့ပြောင်းနေထိုင်သူအများအပြားသည် “3D အလုပ်များ” ဟုခေါ်သော ညစ်ပတ်သော၊ အန္တရာယ်ရှိသော၊ ခက်ခဲသော စသည့် ထိုင်းနိုင်ငံသားများ မလုပ်ကိုင်လိုသည့် အလုပ်များကို လုပ်ကိုင်နေကြသည်။
မြန်မာရွှေ့ပြောင်းနေထိုင်သူတို့သည် သန့်ရှင်းရေးလုပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ ရိတ်သိမ်းခြင်း၊ ဆောက်လုပ်ခြင်းနှင့် ထုတ်လုပ်ခြင်းများကို လုပ်ဆောင်ကြသည်။ မြန်မာရွှေ့ပြောင်းနေထိုင်သူတို့သည် ထိုင်းလူမျိုးများ၏ အိမ်လခပေးရခြင်း၊ အစားအသောက်ဝယ်ရခြင်းနှင့် ဒေသခံကုန်သွယ်ရေးကို ထောက်ပံ့ရခြင်းတို့ ပြုလုပ်နေကြသည်။
ထိုသို့လုပ်ဆောင်နေကြသော်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများသည် ဥပဒေ၏ အစွန်းတစ်ဖက်တွင် နေထိုင်နေကြရသည်။ ထို့ပြင် ဥပဒေအရ အကာအကွယ်နည်းပါးကာ အခွင့်အရေး နည်းပါးစွာသာ ရကြသည်။
ကျန်းမာရေးစောင့်ရှောက်မှုနှင့် ခက်ခဲသောရွေးချယ်မှုများ
လူမှုမီဒီယာများက မြန်မာလူမျိုးများသည် ထိုင်းဆေးရုံများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အခမဲ့ကုသမှု ခံယူနေကြသည်ဟု ဆိုကြသည်။ သို့သော် အမှန်တရားမှာ ပိုမိုရှုပ်ထွေးသည်။
ရွှေ့ပြောင်းနေထိုင်သူအများအပြားသည် မိမိတို့ဘာသာ ကျခံသုံးစွဲကြသည်။ အချို့ကို နိုင်ငံတကာ အလှူရှင်များက ထောက်ပံ့ပြီး အကျိုးအမြတ်မယူသည့် ကျန်းမာရေးအာမခံအစီအစဉ် M-Fund ကလည်း အကျုံးဝင်သည်။ အခြားသူများမှာ မိမိတို့ကိုယ်တိုင် ကျခံသုံးစွဲရသည်။
ထိုရွေးချယ်စရာ နှစ်ခုစလုံးမရှိသူများအတွက် ဆေးရုံများက ကုသမှုမစတင်မီ စပေါ်ငွေ ဘတ် ၁ဝ,ဝဝဝ မှ ၂ဝ,ဝဝဝ အထိ တစ်ခါတစ်ရံ တောင်းခံလေ့ရှိသည်။ ဘာတစ်ခုမှမပါဘဲ ထွက်ပြေးလာခဲ့ရသော မိသားစုများအတွက် ထိုကုန်ကျစရိတ်များသည် လုံးဝမတတ်နိုင်သော ကုန်ကျစရိတ်များဖြစ်သည်။
မန္တလေးမှ အသက် ၁၉ နှစ်အရွယ် ကျောင်းသူ မိုးသီတာသည် ကုသ၍ရသော နှလုံးရောဂါဖြင့် ဖခင်ကိုဆုံးရှုံးခဲ့ရသည်။
“ကျွန်မတို့မှာ စာရွက်စာတမ်းမရှိဘူး။ ဆေးရုံက ဘတ် ၁၅,ဝဝဝ တောင်းတယ်။ ကျွန်မတို့မှာ ဘတ် ၃,ဝဝဝ ပဲ ရှိတယ်။သူတို့က ဆေးရုံတင်လို့မရဘူးလို့ ပြောခဲ့တယ်” ဟု သူမက ပြောသည်။
အချို့ကိစ္စများတွင် လူသားချင်းစာနာထောက်ထားသော ဆရာဝန်များက ဆေးဖိုးများကို ကင်းလွတ်ခွင့်ပေးခဲ့သည်။ သို့သော် အာမခံချက်မရှိပါ။
မြန်မာရွှေ့ပြောင်းများသည် စနစ်ကို အလွဲသုံးစားလုပ်နေသူများ မဟုတ်ပါ။ ၎င်းတို့သည် စနစ်အတွင်း ရှင်သန်နေထိုင်နေသူများဖြစ်ပြီး ထိုင်းတာဝန်ရှိသူများက ပြသသော ကြင်နာမှုတိုင်းကို ကျေးဇူးတင်ကာ အကူအညီမရနိုင်သည့်အခါ စိတ်ပျက်အားငယ်ကြသူများဖြစ်သည်။
မမျှော်လင့်ဘဲ ပါရမီရှင်များ စီးဆင်းလာခြင်း
ယခင်မျိုးဆက် ရွှေ့ပြောင်းလုပ်သားများနှင့်မတူဘဲ မဲဆောက်သို့ မကြာသေးမီက ရောက်ရှိလာသူ အများအပြားသည် မြန်မာနိုင်ငံ၏ လူလတ်တန်းစားများမှ လာကြသူများဖြစ်သည်။ ၎င်းတို့တွင် ပစ်မှတ်ထား ဖိနှိပ်ခံရမှုမှ ထွက်ပြေးလာခဲ့ကြသော ဆရာဝန်များ၊ ပါမောက္ခများ၊ အင်ဂျင်နီယာများ၊ လုပ်ငန်းရှင်များနှင့် အနုပညာရှင်များ ပါဝင်သည်။
တက္ကသိုလ်ကထိက ၄ဝ ကျော်နှင့် ဆေးပညာရှင် ဒါဇင်ပေါင်းများစွာအပြင် အခြားသော ပညာရှင်များစွာသည် ယခုအခါ မဲဆောက်မြို့ထဲတွင် တိတ်ဆိတ်စွာ နေထိုင်လျက်ရှိသည်။ သို့သော် ထိုင်းနိုင်ငံ၏ မူဝါဒများက ၎င်းတို့အား တတ်ကျွမ်းသည့် ပညာရပ်များဖြင့် လုပ်ကိုင်ခွင့်မပြုသောကြောင့် သူတို့၏ ကျွမ်းကျင်မှုများသည် အသုံးမဝင်ဘဲ ဖြစ်နေရသည်။
ရန်ကုန်ရှိ ထိပ်တန်းတက္ကသိုလ်တစ်ခုတွင် ပါမောက္ခဖြစ်ခဲ့ဖူးသော ဒေါက်တာထွန်းမင်းသည် ယခုအခါ ဇနီးနှင့် သားသမီးနှစ်ဦးတို့နှင့်အတူ အခန်းတစ်ခန်းတည်းရှိသည့် တိုက်ခန်းတွင် နေထိုင်နေရသည်။
သူသည် စနေ၊ တနင်္ဂနွေနေ့များတွင် ရွှေ့ပြောင်းကလေးငယ်များကို စာမသင်ပေးနိုင်ပါ။
“ဂိုဒေါင်တစ်ခုမှာ ကြမ်းပြင်လှည်းနေရမယ်လို့ ဘယ်တုန်းကမှ မတွေးဖူးဘူး။ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော် စာသင်ပေးနိုင်သေးတယ်” ဟု သူက ပြောသည်။
အချို့သော မြန်မာအနုပညာရှင်များသည် ဒေသခံထိုင်းကျောင်းများတွင် အခမဲ့သင်တန်းများ ပေးစပြုလာပြီး ထိုင်းကျောင်းသားများကို ဂီတနှင့် ပန်းချီပညာရပ် ပုံစံသစ်များကို မိတ်ဆက်ပေးနေကြသည်။
အခြားသူများကမူ ရပ်ရွာဆေးခန်းများကို ကူညီပေးခြင်း သို့မဟုတ် နယ်စပ်သင်ကြားရေးစင်တာများကို ထောက်ပံ့ပေးခြင်းများ ပြုလုပ်ကြသည်။ ဤနည်းလမ်းများဖြင့် မြန်မာဒုက္ခသည်များစွာသည် တိတ်ဆိတ်စွာဖြင့် အဓိပ္ပာယ်ရှိသော နည်းလမ်းများဖြင့် မဲဆောက်မြို့ကို ပြန်လည်ကူညီပေးနေကြသည်။
မှားယွင်းသော ဖိနှိပ်မှုနှင့်အကျိုးဆက်များ
မဲဆောက်မြို့၌ မကြာသေးမီက ပြုလုပ်ခဲ့သော ဖိနှိပ်မှုများသည် မြန်မာရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များစွာကို ကြောက်ရွံ့မှုဖြင့် နေထိုင်စေခဲ့သည်။ ထင်ရှားကျော်ကြားသော လာရောက်လည်ပတ်မှုများနှင့် အများပြည်သူ၏ စောင့်ကြည့်မှုများ တိုးမြှင့်လာပြီးနောက် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုများ ပိုမိုပြင်းထန်လာခဲ့သည်။
ပန်းရောင် လုပ်သားကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်ကဲ့သို့သော သင့်လျော်သော စာရွက်စာတမ်းများ ရှိသူများကိုပင် ရပ်တန့်စစ်ဆေးခြင်း၊ မေးမြန်းခြင်းနှင့် အချို့ကိစ္စများတွင် လိပ်စာမကိုက်ညီမှုကဲ့သို့သော အသေးအဖွဲ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများအတွက် ဒဏ်ငွေရိုက်ခြင်း သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။
စစ်မှုမထမ်းမနေရ စနစ်မှ ကင်းလွတ်ရန် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့သည့် အသက် ၂၁ နှစ်အရွယ် ကိုအောင်သည် ထိခိုက် ခံရသူများထဲမှ တစ်ဦးဖြစ်သည်။ သူသည် တရားဝင် ပန်းရောင်ကတ် ကိုင်ဆောင်ထားသော်လည်း ဈေးသို့သွားစဉ် ရပ်တန့်စစ်ဆေးခံခဲ့ရသည်။
“ဒီမှာ ဘေးကင်းတယ်လို့ ထင်ခဲ့တာ အခု အပြင်ထွက်ဖို့ ကြောက်နေပြီ” ဟု သူက ပြောသည်။
မြန်မာရွှေ့ပြောင်းနေထိုင်သူများသည် ရာဇဝတ်သားများ မဟုတ်ပါ။ ၎င်းတို့သည် အသက်ရှင်ကျန်ရစ်သူများဖြစ်သည်။
မြန်မာရွှေ့ပြောင်းနေထိုင်သူများသည် လုပ်သားများ၊ ကျောင်းသားများ၊ မိခင်များ၊ ဖခင်များဖြစ်ပြီးစိတ်ကူး၍ပင် မရနိုင်သော အကြမ်းဖက်မှုနှင့် ဒုက္ခဆင်းရဲများမှ ထွက်ပြေးလာခဲ့ကြသူများဖြစ်သည်။
မြန်မာရွှေ့ပြောင်းနေထိုင်သူများ သည် အန္တရာယ်ပြုရန် မဟုတ်ဘဲ ရှင်သန်ရန်အတွက် ရောက်ရှိနေကြခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုင်းနိုင်ငံက ခိုလှုံခွင့်ပေးထားခြင်းအပေါ် အလွန်ကျေးဇူးတင်ကြသော်လည်း အများအပြားသည် ယခုအခါ တိတ်ဆိတ်စွာနှင့် ကြောက်ရွံ့မှုဖြင့် နေထိုင်နေကြရသည်။
ဘေးကင်းမှုသည် မည်သည့်အချိန်တွင် ပြန်လည်ထိခိုက်လာနိုင်သည်ကို မသိကြပေ။
မြန်မာရွှေ့ပြောင်းနေထိုင်သူများ မျှော်လင့်သည်မှာ သနားကြင်နာမှု မဟုတ်ပါ။ နားလည်မှုဖြစ်သည်။
မြန်မာရွှေ့ပြောင်းနေထိုင်သူများသည် မဲဆောက်ဒေသတွင် ထာဝရနေထိုင်မည် မဟုတ်ပါ။ ၎င်းတို့သည် ငြိမ်းချမ်းရေးကို စောင့်မျှော်နေကြခြင်းဖြစ်ပြီး အိမ်သို့ ပြန်နိုင်သည့်အထိ ဂုဏ်သိက္ခာရှိစွာ နေထိုင်ရန် အကောင်းဆုံး ကြိုးစားနေကြခြင်း ဖြစ်သည်။
ဖိနှိပ်မှုများသည် တရားမဝင်နေထိုင်သူများကိုသာမကဘဲ ရပ်ရွာတစ်ခုလုံးကို ကြောက်ရွံ့စေသည်။ စစ်ဆေးမှုများသည် ပုံမှန်ဥပဒေစိုးမိုးရေးထက် သတိပေးချက်တစ်ခုနှင့် ပိုတူနေသည်။
ရွှေ့ပြောင်းနေထိုင်သူများ ပုန်းရှောင်ကြသည်။ ကလေးများ ကျောင်းမတက်တော့ပေ။ လူမမာများ ဆေးရုံရှောင်ကြသည်။ ကြောက်ရွံ့သော အခြေအနေသည် မည်သူ့ကိုမျှ အကျိုးမပြုဘဲ လူတိုင်းကို ပိုမိုလုံခြုံမှု နည်းပါးစေသည်။
ကလေးများ လမ်းမပေါ်မရောက်ဘဲ စာသင်နေခြင်း
မဲဆောက်ရှိ မြန်မာကလေးငယ် ထောင်ပေါင်းများစွာသည် ရွှေ့ပြောင်းသင်ကြားရေးစင်တာများ (MLCs) ၊ထိုင်းအခွန်ထမ်းများက ရန်ပုံငွေမထောက်ပံ့ဘဲ ရပ်ရွာက ဖွင့်လှစ်ထားသော ပုံမှန်မဟုတ်သော ကျောင်းများ တွင် ကျောင်းတက်နေကြသည်။
ဤကျောင်းများကို နိုင်ငံတကာ NGO များနှင့် အလှူရှင်များက ထောက်ပံ့ပေးသည်။ ကျောင်းများက အခြေခံပညာရေး၊ ထိုင်းဘာသာစကားနှင့် ကျန်းမာရေးအသိပညာတို့ကို ပေးသည်။
ကျောင်းများသည် ကလေးများကို လမ်းမများပေါ်မှ ကင်းဝေးစေပြီး မြန်မာနိုင်ငံသို့ ပြန်သွားသည့်အခါ ပြန်လည်ဝင်ဆံ့နိုင်ရန် ပြင်ဆင်ပေးသည်။
ကျောင်းများကို ထောက်ပံ့ခြင်းသည် “ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ခြင်း” မဟုတ်ပါ။ ကျောင်းများသည် မျှော်လင့်ချက်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။
လူသားချင်းစာနာထောက်ထားသော ခေါင်းဆောင်မှုအတွက် တောင်းဆိုခြင်း
ထိုင်းနိုင်ငံသည် ယခုအခါ လမ်းဆုံလမ်းခွသို့ ရောက်ရှိနေသည်။ ၎င်းသည် ကြောက်ရွံ့မှုနှင့် ပြစ်ဒဏ်ပေးခြင်းကို နှစ်ဆတိုးမြှင့်နိုင်သည် သို့မဟုတ် လူသားချင်းစာနာမှုနှင့် ရည်မှန်းချက်ဖြင့် ဦးဆောင်နိုင်သည်။
မဲဆောက်တွင် နေထိုင်ကြသော မြန်မာပြည်သူများသည် ထာဝရနေထိုင်ရန် တောင်းဆိုနေခြင်း မဟုတ်ပါ။ အိမ်ပြန်ဖို့ စောင့်ဆိုင်းရင်း အချိန်ကြာနေသူများဖြစ်သည်။
မဲဆောက်တွင် နေထိုင်နေစဉ်တွင် မြန်မာပြည်သူများသည် ပူးပေါင်းပါဝင်လိုကြသည်၊ စည်းကမ်းများကို လိုက်နာလိုကြသည်၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်လိုကြသည်။
ကြီးမားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သော သေးငယ်ပြီး လက်တွေ့ကျသော အဆင့်များ ရှိပါသည်။
လက်လှမ်းမီနိုင်သော၊ တတ်နိုင်သော စာရွက်စာတမ်းလမ်းကြောင်းများကို ချဲ့ထွင်ရန်လိုပါသည်။
နယ်စပ်မူဝါဒ စီမံကိန်းရေးဆွဲရာတွင် ရွှေ့ပြောင်းနေထိုင်သူအသိုင်းအဝိုင်းများနှင့် တိုက်ရိုက်ထိတွေ့ရန်လိုပါသည်။
ကျွမ်းကျင်သော ဒုက္ခသည်များကို ပညာရေး၊ ကျန်းမာရေးနှင့် အနုပညာနယ်ပယ်များတွင် ပူးပေါင်းပါဝင်ခွင့်ပြုရန်လိုပါသည်။
ရွှေ့ပြောင်းကလေးများအတွက် သင်ယူရေးစင်တာများကို နိုင်ငံရေးအရ အသုံးချခြင်းမရှိဘဲ ကာကွယ်ရန်လိုပါသည်။
ထိုင်းနှင့် မြန်မာတို့အကြား ဆက်ဆံရေးသည် ရှည်လျားနက်ရှိုင်းသည်။ ယခုအခါတွင် သံသယများထက် ဂရုစိုက်မှုများ လိုအပ်နေပါသည်။
ဝန်ထုပ်ဝန်ပိုးမဟုတ်တဲ့ နှောင်ကြိုးတစ်ခု
မဲဆောက်တွင် နံရံများ ပိုမိုမလိုအပ်ပါ ။ တံတားများသာ လိုအပ်သည်။
မဲဆောက်မြို့ရှိ မြန်မာပြည်သူများသည် ဝန်ထုပ်ဝန်ပိုး မဟုတ်ပါ။ မြန်မာပြည်သူများ သည် ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံကြွယ်ဝချမ်းသာမှုတို့၏ အနာဂတ်သို့ အသက်ဝင်သော ဆက်သွယ်မှုတစ်ခု ဖြစ်သည်။
မြန်မာပြည်သူ အများစုသည် အိမ်သို့ ပြန်ရောက်သည်အထိ ရှင်သန်ရန်သာ ကြိုးစားနေကြခြင်းဖြစ်သည်။ ထိုအတောအတွင်းတွင် မြန်မာပြည်သူများ သည် ထိုင်းနိုင်ငံ၏ ပြဿနာဖြေရှင်းမှုတွင် ပါဝင်ရန် အသင့်ရှိနေပါသည်။
မြန်မာပြည်သူများကို ပြဿနာများအဖြစ် မမြင်ဘဲ အိမ်နီးချင်းများအဖြစ် မြင်ပေးပါ။ ရာဇဝတ်သားများအဖြစ် မဟုတ်ဘဲ လူများအဖြစ် မြင်ပေးပါ။
စာရေးသားသူအကြောင်း
(စာရေးသားသူသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သော မြန်မာဒုက္ခသည်တစ်ဦးနှင့် ရပ်ရွာစည်းရုံးရေးမှူးတစ်ဦး ဖြစ်သည်။ လုံခြုံရေးအရ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ခြင်းမရှိပါ။ ကြောက်ရွံ့မှုနှင့် နားလည်လွဲမှားမှုများ တိုးပွားနေချိန်တွင် ထိုင်းနှင့် မြန်မာလူမျိုးများအကြား နားလည်မှုကို တည်ဆောက်ရန် မျှဝေခြင်းဖြစ်သည်။)
Khaosod သတင်း၏ Not a Burden, But a Bond ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ထားသည်။