ထိုင်းအစိုးရအနေနှင့် နယ်စပ်ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမှ စစ်ဘေးဒုက္ခသည်(Refugees)များကို ပထမဦးဆုံးအနေဖြင့် ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးတော့မည်ဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)တို့ မှ ကြီးမူးဖွင့်လစ်ထားသည့် ဒုက္ခသည် စခန်းများ (၉) ခုတွင် နေထိုင်ကြသည့် မြန်မာဒုက္ခသည်များအနေနှင့် စခန်းပြင်ပသို့ ထွက်ရောက်ပြီး အလုပ်လုပ်ခွင့်မရှိပါ။ ရာသီစာလုပ်ငန်းများဖြစ်သည့် ထင်းခုတ်၊မြစ်ချိုး၊ အင်ဥရှာ စသည့် ဝင်ငွေရသည့် လုပ်ငန်းများပေါ်တွင်သာ ခတ္တယာယီလုပ်ကိုင် ခဲ့ကြရသည်။
နိုင်ငံတကာမှလူသားခြင်းစာနာမှု အထောက်အကူပြု ရန်ပုံငွေများနှင့် ရပ်တည်ရှင်သန်လာခဲ့ ရသည့် ဒုက္ခသည်စခန်းများအနေနှင့် ပြီးခဲ့သည့် (၄-၅) နှစ် အတွင်းက စတင်ပြီး ဒုက္ခသည်စခန်းများ အတွင်း စားရေးသောက်ရေး၊ အကန့်အသတ်များ၊ ပညာရေး၊ကျန်းမာရေး လုပ်ငန်းများကို အကန့်အသတ်နှင့် လုပ်ကိုင်နေခဲ့ကြရသည်။ စားနပ်ရိက္ခာများ လျော့ချခြင်း အထိဖြစ်လာသည်။
အဓိကအားဖြင့် ယခုနှစ်ပိုင်းက စတင်ပြီး အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ အထောက်ပံ့များ ရပ်လိုက်သည့် အချိန်တွင် သိန်းနှင့် ချီသည့် မြန်မာဒုက္ခသည်များအနေနှင့်စားနပ်ရိက္ခာ၊ဆေးကုသမူနှင့် ပညာရေးလုပ်ငန်းများထိခိုက်ခဲ့ရသည်။ အဆိုပါအခက်အခဲများကို လူသားခြင်းစာနာသည့် ရူ့ထောင့် မှကူညီလိုအပ်နေသည်။ တစ်ချိန်ထဲမှာပင် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်သွားသည့် အတွက် လစ်လပ်သွားသည့် အလုပ်အကိုင်များကို ဒုက္ခသည်များနှင့် အစားထိုးသည့် အစီစဉ်လည်း ဖြစ်သည်။
ထိုင်းအစိုးရအနေနှင့် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနမှ တင်သွင်းထားသော ထိုင်း–မြန်မာနယ်စပ်ဒေသရှိ ထိုင်းအစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)တို့ မှ ကြီးမူးဖွင့်လစ်ထားသည့် ဒုက္ခသည် စခန်း (၉) ခုတွင် ဆယ်စုနှစ်ပေါင်း (၃ဝ) ကျော် နေထိုင်ခဲ့ကြသည့် မြန်မာဒုက္ခသည်များအား တရားဝင် အလုပ်လုပ်ခွင့် ပေးရန် ဆုံးဖြတ်လိုက်ပါသည်။
အဆိုပါဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံ၏ လက်ရှိလိုအပ်နေသည့် အလုပ်သမားလိုအပ်ချက်ကို ဖြေရှင်းရာရောက်ပါသည်။ ယခုဆုံးဖြတ်ချက်သည် ထိုင်းအစိုးရ၏ လူသားချင်းစာနာမှု မူဝါဒများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ထိုင်း–မြန်မာနယ်စပ်ဒေသတွင် တရားမဝင်လုပ်ကိုင်နေသည့် အလုပ်သမားပြဿနာများ လျော့နည်းစေပြီး ဥပဒေနှင့်အညီ အလုပ်လုပ်ခွင့်ရယူနိုင်မည့် လမ်းကြောင်းအသစ်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။
အဆိုပါထိုင်းအစိုးရ၏ မြန်မာဒုက္ခသည်များအား အလုပ်လုပ်ပိုင်ခွင့်ပေးသည့် မူဝါဒအရထိုင်း-မြန်မာနယ်စပ်များရှိ မဲဟောင်ဟောင်၊ တာ့ခ်၊ ကန်ချနဘူရီနှင့် ရာချဘူရီ ခရိုင်အတွင်းရှိ ဒုက္ခသည် စခန်း(၉) ခုမှ မြန်မာဒုက္ခသည်များအနေနှင့် ထိုင်းနိုင်ငံတွင်းတရားဝင်အလုပ်လုပ်ကိုင်ရန် တရားဝင်အလုပ်သမားအဖြစ် လျှောက်လွှာတင်သွင်းနိုင်မည်ဖြစ်သည်။
ပုံမှန်အားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ထိုင်းနိုင်ငံအတွင်းအလုပ်အကိုင် ရှာဖွေလုပ်ကိုင်ပါက နှစ်နိုင်ငံနားလည်မူစာချွန်လွှာ (MOU) ဖြင့်လာလျှင် အနည်းဆုံး ဘတ်ငွေ (၃) သောင်းခန့် ရင်းနှီးစိုက်ထုတ်မှ ထိုင်းနိုင်ငံသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် အထောက်အထားမဲ့ လာရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများအနေနှင့် လည်း ပွဲစားများအား စမတ်ကြေး (အလုပ်ရှာဖွေပေးခ) အဆမတန်ပေးနေကြရသည်။ ထို့အပြင် လူကုန်ကူးခံရမူများ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမူများနှင့် နေ့စဉ်ရင်ဆိုင်နေကြရသည်။
ဒုက္ခသည်စခန်းများမှ ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများ အနေနှင့် ဝင်ရောက်လုပ်ကိုင် ကြမည်ဆိုလျှင် တစ်ခြားမြန်မာရွှေ့ပြောင်းအလုပ်သမားများထက် ကုန်ကျစရိတ်များလွန်စွာသက်သာမည်ဖြစ်သည်။ ထို့အပြင် ထိုင်းအစိုးရ မှ သတ်မှတ်ပြဌာန်းသည့်အလုပ်အကိုင်များကို မိမိတို့ ဆန္ဒအတိုင်း ရွေးချယ်ပြီး လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ထိုင်းအစိုးရ၊ လုပ်ငန်းရှင်များနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ စနစ်တကျဟန်ချက်ညီညီဆောင်ရွက်နိုင်ပါက လူကုန်ကူးခံရမူ၊အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများ လျော့နည်းပပျောက်နိုင်ပြီး ထိုင်းအစိုးရမှ ပြဌာန်သတ်မှတ်ထားသည့် လူမှုဖူလုံရေးရန်ပုံငွေအကျိုးခံစားမူ့နှင့် ကလေးများအတွက် ပညာရေးသင်ကြားခွင့် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်ပါသည်။
ထိုင်းအစိုးရ အနေနှင့် ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်း (၉) ခုတွင် ဒုက္ခသည်စုစုပေါင်း (၈) သောင်းခန့် ရှိမည်ဟုခန့်မှန်းထားသည်။ အဆိုပါဒုက္ခသည်များထဲမှ အသက် (၁၈–၆ဝ နှစ်) ၄၂,ဝဝဝ ခန့် သည် အလုပ်၊လုပ်ပိုင်ခွင့်လုပ်မှတ် (Work Permit) များလျှောက်လွှာတင်နိုင်မည်ဟု ထိုင်း အစိုးရက ထုတ်ပြန်သည်။
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) မှ အသိအမှတ်ပြုထားသည့် ဒုက္ခသည်စခန်း (၉) ခုမှ ဒုက္ခသည်များအနေနှင့် ထိုင်းနိုင်ငံတွင်းလစ်လပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်နေရာများတွင် လျှောက်ထားနိုင်မည်ဖြစ်သည်။ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမူများ ခံယူနိုင်မည်ဖြစ်သည်။ ထိုင်းအစိုးရ၏ မူဝါဒရေးရာအရလုပ်ကိုင်ဆောင်ပြီး လူသားခြင်းစာနာသည့် ရူ့ထောင့် မှ ကူညီဆောင်ရွက်ပေးသည့်အတွက် ကုန်ကျစရိတ် လွန်စွာသက်သာမည်ဟု မျှော်လင့်ရသည်။
လက်ရှိနိုင်ငံရေး၊စစ်ရေးအခြေအနေများအရ နယ်စပ်ဒေသရှိဒုက္ခသည်များအနေနှင့် နေရပ်ပြန်၍မရသည့် အပြင် နိုင်ငံခြားတိုင်းပြည်များတွင် အခြေချနေထိုင်ရန်အခွင့်အလမ်းများ နည်းလာသည့် အချိန်တွင် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်လုပ်ကိုင်စားသောက်နိုင်မည့် အခွင့်အရေးသည် ဒုက္ခသည်များ အတွက် မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့သည်။
မြန်မာဒုက္ခသည်များအနေနှင့် အထူးသဖြင့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများအား လုပ်ခွင့် ပြုထားသည့် အခြေခံအလုပ်များဖြစ်သည့် ဆောက်လုပ်ငန်းလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊စိုက်ပျိုးမွေးမြးရေးလုပ်ငန်းနှင့် စက်ရုံအလုပ်ရုံလုပ်ငန်းများ ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်ကြရမည်ဖြစ်ပါသည်။
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်ရှိ၊ ကရင်နီုဒုက္ခသည်စခန်း(၁)အတွင်း နှစ်ပေါင်း (၂ဝ) ကျော်နေထိုင်ခဲ့သည့် ကလေး (၃) ယောက်ဖခင်၊ ကရင်နီအမျိူးသား ဦတီးရယ်က သူအမြင်ကို ယခုလို ပြောပါသည်။
“ကျနော်တို့ မိသားစုက တော့ ထိုင်းနိုင်ငံထဲမှာ သွားလုပ်စားမယ်။ ကျနော်တို့ က အလုပ်ကြမ်း ( တောင်ယာ) လုပ်နိုင်တယ်။ အခုလောလောဆယ်တော့ ဘယ်မှာ သွားလုပ်ရမှန်းမသိသေးပါဘူး။ ကလေးတွေပညာရေးပါ ရမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့”
ယခုဆုံးဖြတ်ချက်သည် ထိုင်းအစိုးရ၏ လူသားချင်းစာနာမှု မူဝါဒအနက် တစ်စိတ်တစ်ပိုင်းသာမက၊ ထိုင်း–မြန်မာနယ်စပ်ဒေသတွင် တရားမဝင်အလုပ်သမားပြဿနာ လျော့နည်းစေပြီး ဥပဒေနှင့်အညီ အလုပ်သမားခွင့်ရယူနိုင်မည့် လမ်းကြောင်းအသစ်အဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံတွင်း လာရောက်လုပ်ကိုင်ကြမည့် မြန်မာဒုက္ခသည်များအနေနှင့် မိမိတို့ လုပ်ကိုင်လိုသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး လေ့လာသင်ယူထားဖို့ လိုပါမည်။ အခြေခံသိသင့်သိထိုက်သည့် ထိုင်းဥပဒေများနှင့် ဓလေ့ထုံးတမ်းစဉ်အလာများကို လေ့လာထားဖို့ လိုပါမည်။ ပိုပြီးအရေးကြီသည်မှာ ထိုင်းနိုင်ငံတွင်းသို့ လာရောက်လုပ်ကိုင်စားသောက်လိုသည့် မြန်မာဒုက္ခသည်များအနေနှင့် အခြေခံ ထိုင်းစကားနှင့် ထိုင်းစာကိုတော့ မဖြစ်မနေသင်ကြထားသင့်ပါသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျောက်ရှိ ဒုက္ခသည်စခန်းများတွင် လူသားခြင်းစာနာမူအကူအညီများ ဆောင်ရွက်နေသည့် The Border Consortium (TBC) အဖွဲ့မှ ၂ဝ၂၅-ခုနှစ်၊ဇူလှိုင်လအတွင်း ထုတ်ပြန်ချက် စာရင်းများအရ ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉) ခုတွင် ဒုက္ခသည် ၉ဝ၇၅၉ ဦး ရှိပြီး ( ၅၈.၈) ရာခိုင်နှန်းသည် အသက် (၁၈)နှစ်နှင့် အထက်ဟုဖော်ပြထားသည်။ သို့သော်လည်း ထိုင်းအစိုးရမှ ဖော်ပြထားသည့် အချက်အလက်များနှင့် အနည်းငယ်ကွာဟမူများ ရှိနေပါသည်။
ဓာတ်ပုံ – ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း။(ပုံဟောင်း)
Photo – AFP
YouTube https://www.youtube.com/@migranttimes
Website https://www.migranttimes.com/
Telegram https://t.me/migranttimes