Site icon Migrant Times

မြန်မာရွှေ့ပြောင်းလုပ်သားတွေ Happy New Year ဖြစ်ပါစေ

|ဆောင်းပါး|
ဒီဇင်ဘာ ၂၇ ရက်၊ Migrant Times
  • သက္ကရာဇ် ၂၀၂၂ ခုနှစ်ကုန်လို့ ၂၀၂၃ ခုနှစ်ကို ရောက်ရှိပါတော့မယ်။ထိုင်းနိုင်ငံမှာ အခက်အခဲဖြစ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တောင်းဆိုထားတာ၊ တိုင်ကြားတာတွေကို ဆိုင်ရာအဖွဲ့အစည်းတွေက ဖြေရှင်းပေးဖို့ ကြန့်​ကြာနေတာတွေလည်း အခုလာမယ့် နှစ်ဆန်းပိုင်းမှာ ပြန်လည်စတင်နိုင်တော့မှာ ဖြစ်ပါတယ်။မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရလို့ စုပေါင်းတောင်းဆိုတာဟာ အခုလထဲမှာပဲ သုံးခုထက်မနည်းရှိပြီး ပွဲစားတွေရဲ့ လိမ်လည်မှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အလုပ်သမားတွေကတော့ ထောင်နဲ့ချီပြီးရှိ​နေတာပါ။ထိုင်းနိုင်ငံကို ပုံစံအမျိုးမျိုးနဲ့ ရောက်ရှိလာကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်မရရှိတာ၊ လုပ်ငန်း ခွင်မတည်မြဲတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ၊ လုပ်ခလစာအပြည့်မရတာ၊ လုပ်ငန်းခွင် ထိခိုက်မှုတွေအတွက် နစ်နာကြေးမရတာ စသဖြင့် ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အများကြီးရှိနေပါတယ်။
  • မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့ AAC(မဟာမိတ်အဖွဲ့) ဒါရိုက်တာ ဉီးခိုင်ကြီးက “ အခုက ထိုင်းမှာ တကယ်ကို နာမည်ရှိတဲ့ စက်ရုံတွေမှာပါ ကတိမတည်တာတွေ တွေ့လာရတယ်။ စိတ်မကောင်းစရာပေါ့ ” လို့ Migrant Times ကို ပြောပါတယ်။အလုပ်သမားတွေ အလုပ်မရတဲ့ ကိစ္စကို ထိုင်းအာဏာပိုင်တွေက တာဝန်ယူဖြေရှင်းပေးခဲ့ပြီး ဒီဇင်ဘာလထဲမှာ အလုပ်သမား လေးထောင်နီးပါးကို လုပ်ငန်းခွင် သွင်းပေးနိုင်ဖို့ သဘောတူညီမှုတွေရခဲ့ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ နှစ်သစ်ကူးရုံးပိတ်သွားတဲ့ အခုချိန်ထိ အလုပ်သမား လေးရာဝန်းကျင်သာ အလုပ်ပေးနိုင်သေးတဲ့အခြေအနေပါ။
  • ဒါ့အပြင် အလုပ်ရဖို့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးအထိသွားရောက်တောင်းဆိုခဲ့ကြတဲ့ MoU( အစိုးရချင်းသဘောတူစာချုပ်)နဲ့လာတဲ့ အလုပ်သမား ၈၀ ကျော်ဟာလည်း အလုပ်မရခင်စပ်ကြားမှာ ဉပဒေအရ ရရှိရမယ့် ငွေကြေးကို ပေးဆောင်ဖို့ တာဝန်ယူထားတဲ့ အေဂျင်စီတွေက သဘောတူညီခဲ့ပေမယ့် အလုပ်ရဖို့ အာမခံချက်ကတော့ မရသေးပါဘူး။“ တကယ်က အလုပ်သမားဟာ အလုပ်ရမှ လုပ်ငန်းခွင်မှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေနိုင်မှ လုပ်ငန်းခွင် အာမခံချက်ရှိမှ အလုပ်သမားအတွက် အဆင်ပြေတာ။ အခုက နားအေးပြီးရောဆိုတာမျိုး ပျားရည်နဲ့ဝမ်းချနေသလို လုပ်နေကြတာ ” လို့ ဉီးခိုင်ကြီးက ပြောပါတယ်။မြန်မာနိုင်ငံကနေ MoU နဲ့စေလွှတ်တဲ့ အလုပ်သမား ၆ သောင်းဝန်းကျင်ရှိပြီး တရားမဝင်လာရောက်တဲ့ အလုပ်သမားတွေကတော့ သိန်းနဲ့ချီပြီးရှိနိုင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ခန့်မှန်းထားကြပါတယ်။
  • လက်ရှိမှာတော့ MoU နဲ့လာ‌ရောက်ပြီး အလုပ်မရရှိဘဲ လနဲ့ချီစောင့်ဆိုင်းရတဲ့ အလုပ်သမား ၁ သောင်းဝန်းကျင်ရှိနေပြီး ထိုင်းနိုင်ငံရောက်မှ အထောက်အထားပြုလုပ်ပြီး အလုပ်ရှာဖွေရာမှာ ပွဲစား လိမ်လည်တာခံရတဲ့ မြန်မာလုပ်သားတွေလည်း သောင်းနဲ့ချီပြီးရှိနေပါတယ်။ဒီစာရင်းတွေဟာ မြန်မာ​‌ရွှေ့ပြောင်းလုပ်သားတွေကို ကူညီတဲ့ အဖွဲ့အစည်းတွေဆီ တိုင်ကြားလာတဲ့အပေါ် ခန့်မှန်းထားတာဖြစ်ပြီး မြေပြင်မှာတော့ ဒီထက်အများကြီး ပိုများနိုင်တယ်လို့ အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။လာမယ့် နှစ်သစ်မှာ ထိုင်းရောက်မြန်မာလုပ်သားအရေးကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ပြေလည်အောင်ဖြေရှင်းပေးနိုင်ရင်တေည့ အလုပ်သမားတွေအတွက် ပျော်ရွှင်ရတဲ့နှစ်သစ် ဖြစ်လိမ့်မယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက မှတ်ချက်ပြုပါတယ်။
ဓာတ်ပုံ- ဒီဇင်ဘာလအတွင်း မြန်မာသံရုံးရှေ့တွင် အလုပ်သမားအခွင့်အရေး တောင်းဆိုနေသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်
Exit mobile version