Site icon Migrant Times

တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေ လုပ်သက်ပြည့်​ရင် နေရပ်ပြန်ဖို့မလိုဘဲ အလုပ်ဆက်လုပ်ခွင့်ရ

တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေ လုပ်သက်ပြည့်​ရင် နေရပ်ပြန်ဖို့မလိုဘဲ အလုပ်ဆက်လုပ်ခွင့်ရ

ဒီဇင်ဘာ ၃၀ ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံက နိုင်ငံခြားသားလုပ်သားတွေအနေနဲ့လုပ်သက်ပြည့်ရင် နေရပ်ပြန်ဖို့မလိုဘဲ တစ်ဆက်တည်း ဆက်လက်လုပ်ကိုင်ခွင့်ပေးမယ်လို့အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။တောင်ကိုရီးယား အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားသားလုပ်သားများ အလုပ်လုပ်ပိုင်ခွင့်ဆိုင်ရာ ဥပဒေကို တိုးချဲ့ ပြဌာန်းလိုက်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
  • အဲဒီ ဥပဒေကို မပြဌာန်းခင်က စက်ရုံ တစ်ရုံ (သို့မဟုတ်) နှစ်ရုံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား လုပ်သား​တွေဟာ လုပ်သက် ၄ နှစ်နဲ့ ၁၀ လပြည့်ရင် အလုပ်အကိုင် ဆက်လုပ်ပိုင်ခွင့် စာချုပ် ချုပ်ဆိုပြီး ကိုယ့်နိုင်ငံကို ပြန်ကြရတာဖြစ်ပါတယ်။မိမိနိုင်ငံမှာ တစ်လကနေ ၆ လ အထိ အနားယူပြီးမှ တောင်ကိုရီးယားကို ပြန်လာကာ ၄ နှစ် ၁၀ လ ထပ်မံ အလုပ်လုပ်ကိုင်ကြရတာလည်း ဖြစ်ပါတယ်။
  • ဥပဒေအသစ်အရ ၄ နှစ်နဲ့ ၁၀ လပြည့် နိုင်ငံခြားသား လုပ်သားတွေအနေနဲ့ နေရပ် ပြန်စရာမလိုတော့ဘဲ နောက်ထပ် ၄ နှစ် ၁၀ လ ဆက်တိုက် အလုပ်လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ အဲဒီလိုဆက်လက်လုပ်ကိုင်ခွင့်ရဖို့ စက်ရုံ တစ်ရုံတည်းမှာ ကုန်ထုတ်လုပ်သားဆိုရင် လ ၃၀ အထက်၊တခြားအလုပ်အကိုင်ဆိုရင် ၂၄ လအထက် အလုပ် လုပ်ကိုင်ထားတဲ့ နိုင်ငံခြားသား လုပ်သား ဖြစ်ရမယ်လို့သတ်မှတ်ထားပါတယ်။ဒါ့အ​ပြင်သတ်မှတ်ထားတဲ့ လတွေပြည့်နေရုံနဲ့ မလုံလောက်ဘဲ ကိုရီးယား တရားရေးရာဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စာမေးပွဲကို အောင်မြင်ထားဖို့လိုတယ်လို့သိရပါတယ်။အဲဒီ ဥပဒေဟာ လာမယ့်နှစ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး အသက်ဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
  • ” အလုပ်သမားတွေအနေနဲ့ အချိန်ကုန်၊ ငွေကုန်သက်သာသွားစေမယ့်အစီအစဥ်ပါ။ ကိုရီးယားမှာ လုပ်သားလိုအပ်ချက်များနေတော့ ဖြေလျှော့ပေးတာတွေဆက်တိုက်လုပ်နေတာတွေ့ရတယ် ” လို့ အဲဒီနိုင်ငံရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။E-7 ဗီဇာ မရကြတဲ့ ပညာတော်သင် ကျောင်းသူ၊ ကျောင်းသား​တွေကိုလည်း အလုပ်အကိုင် ဗီဇာ ထုတ်ပေးဖို့ တင်ပြဆွေးနွေးနေတယ်လို့ သတင်းတွေကဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံအတွင်း လုပ်သားလိုအပ်ချက်ရှိနေတဲ့ စွန့်ပစ်ပစ္စည်း အလုပ်ရုံ၊ စားသောက်ကုန်ထုတ် အလုပ်ရုံ၊ ဆေးလိပ်စက်ရုံနဲ့ ပစ္စည်းပို့လုပ်ငန်းတွေအတွက်နိုင်ငံခြားသားလုပ်သား​တွေကို တိုးချဲ့ခန့်ဖို့ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၅၀၀၀၀ နီးပါး လုပ်ကိုင်နေကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
(ယခုလအတွင်း တောင်ကိုရီးယားနိုင်ငံကို သွားရောက်သည့် မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ- ဆိုးလ်မြို့၊ မြန်မာသံရုံး)
Exit mobile version