ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် အေဂျင်စီ ၄ ခုကနေ မြန်မာလုပ်သား ၅၀၀ ဦး စေလွှတ်ခွင့်ရ
ဖေဖော်ဝါရီ ၁၃ ရက်၊ Migrant Times
- တောင်ကိုရီးယားနိုင်ငံရှိ သင်္ဘောကျင်းလုပ်ငန်းအတွက် ပြည်တွင်းရှိအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၄ ခုက မြန်မာလုပ်သား ၅၀၀ ဦး စေလွှတ်ခွင့်ရတယ်လို့ ကိုရီးယားသတင်းတွေအရ သိရပါတယ်။သင်္ဘောကျင်းလုပ်ငန်း E-7 ဗီဇာနဲ့ အလုပ်သမားတွေကို အစိုးရမဟုတ်တဲ့အေဂျင်စီတွေက အထူးအခွင့်အရေးအနေနဲ့ စေလွှတ်ခွင့်ရတာဖြစ်ပါတယ်။သင်္ဘောကျင်းလုပ်သားစေလွှတ်ခွင့်ရတဲ့အေဂျင်စီတွေက Thu Kha Su Sanကုမ္ပဏီ၊ Abourfield Employee Agencyကုမ္ပဏီ၊ Aries Marine ကုမ္ပဏီ၊Royal Gateကုမ္ပဏီတို့ဖြစ်ပြီး ဒီနှစ်အတွက် အလုပ်သမား ၅၀၀ ဦး စေလွှတ်ခွင့်ရမှာလို့ သတင်းတွေက ဆိုပါတယ်။
- တောင်ကိုရီးယားနိုင်ငံကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က EPS စနစ်နဲ့အလုပ်သမားစေလွှတ်နေတာဖြစ်ပြီး သင်္ဘောကျင်းလုပ်သားတွေကိုတော့ ပုဂ္ဂလိကအေဂျင်စီက စေလွှတ်ခွင့်ရတာဖြစ်ပါတယ်။POEA က ဆောက်လုပ်ရေး၊ ကုန်ထုတ်၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်သားတွေကို စေလွှတ်နေတာ ဖြစ်ပါတယ်။အခုလို ပုဂ္ဂလိကအေဂျင်စီက တောင်ကိုရီးယားနိုင်ငံကို သင်္ဘောကျင်းလုပ်သားစေလွှတ်ခွင့်ရတာဟာ ပုဂ္ဂလိကအေဂျင်စီတွေအတွက် လမ်းစကောင်းဖြစ်တယ်လို့ အဲဒီလုပ်ငန်းလုပ်ကိုင်နေသူတွေက ဆိုပါတယ်။
- ” သင်္ဘောကျင်းလုပ်သားက လူတိုင်းလည်း ရတာမဟုတ်ဘူး။ အတွေ့အကြုံနဲ့ကျွမ်းကျင်မှုတွေက အရေးပါတယ်။အေဂျင်စီတွေက ကောင်းကောင်းလုပ်နိုင်ရင် နောက်ပိုင်းအခွင့်အရေးတွေ ပိုရနိုင်တယ် “လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။တောင်ကိုရီးယားနိုင်ငံက ဒီနှစ်ထဲမှာ သင်္ဘောကျင်းလုပ်သား ၁၅၀၀၀ လောက်လိုအပ်နေတာဖြစ်ပြီး မြန်မာအပါအဝင် ပြည်ပနိုင်ငံတွေကနေ ခေါ်ယူအားဖြည့်ဖို့ကြိုးစားနေတယ်လို့လည်း အဲဒီနိုင်ငံအစိုးရက ထုတ်ပြန်ထားပါတယ်။