Fitex(Myanmar)အထည်ချုပ်စက်ရုံက သင်္ကြန်ပိတ်ရက်ကိုအကြောင်းပြပြီး အလုပ်သမား ၄၀၀ ကျော်ကို အလုပ်မှရပ်နားတယ်လို့ဆို
မတ် ၁၆ ရက်၊ Migrant Times
- လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Fitex(Myanmar)အထည်ချုပ်စက်ရုံက သင်္ကြန်ပိတ်ရက်ကို အကြောင်းပြပြီး အလုပ်သမား ၄၀၀ ကျော်ကို အလုပ်ကနေရပ်နားလိုက်တယ်လို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီပေးနေတဲ့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)ထံက သိရပါတယ်။လုပ်သက် ခြောက်လမပြည့်သေးတဲ့အဲဒီအလုပ်သမားတွေကို အလုပ်ပိတ်လိုက်ပြီဆိုပြီး မတ်လ ၁၃ ရက်မှာ စက်လိုင်းခေါင်းဆောင်တွေကတစ်ဆင့် အသိပေးပြောခဲ့တာလို့ ဆိုပါတယ်။”သင်္ကြန်ပိတ်ရက်အတွက် လစာမပေးချင်လို့ အလုပ်နားခံရတဲ့သဘောလို့အလုပ်သမားတွေကလက်ခံထားတယ်”လို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီနေသူတစ်ဦးက ပြောပါတယ်။
- Fitex (Myanmar)စက်ရုံဘက်ကမူ အထည်အော်ဒါနည်းတဲ့အတွက် လုပ်သက်ခြောက်လအောက် အလုပ်သမား ၂၀၀ ကျော်ကို နို့တစ်ကြေးတစ်လစာပေးပြီးရပ်နားလိုက်ရခြင်းသာဖြစ်ပြီး အော်ဒါပြန်ရရင် ဦးစားပေးပြန်ခန့်သွားမှာလို့ ဆိုပါတယ်။လက်ရှိမှာ စက်ရုံတွေပိတ်သိမ်းတာ၊ လုပ်သားအင်အားလျှော့ချတာတွေကြောင့်အလုပ်လက်မဲ့ဦးရေတိုးမြှင့်နေတယ်လို့ စက်ရုံလုပ်သားတွေကပြောပါတယ်။ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ရွှေပြည်သာမြို့နယ်ကအထည်ချုပ်စက်ရုံနှစ်ရုံပိတ်သိမ်းခဲ့လို့အလုပ်သမားဦးရေ ၂၀၀၀ ကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။