Site icon Migrant Times

စက်ရုံအလုပ်သမားသမဂ္ဂဝင်တချို့ကို အလုပ်ရှင်တွေက Black List သွင်းထားလို့ အလုပ်ရှာဖို့ခက်နေ

စက်ရုံအလုပ်သမားသမဂ္ဂဝင်တချို့ကို အလုပ်ရှင်တွေက Black List သွင်းထားလို့ အလုပ်ရှာဖို့ခက်နေ
နိုဝင်ဘာ ၂၉ ရက်၊ Migrant Times
ပြည်တွင်းစက်ရုံတွေက အလုပ်သမားအရေးလှုပ်ရှားနေတဲ့ သမဂ္ဂဝင်တချို့ကို အလုပ်ရှင်​ေတွက Black List (အမည်ပျက်စာရင်း)သွင်းထားပြီး တခြားစက်ရုံတွေဆီ ဖြန့်ဝေထားတာကြောင့် အလုပ်အသစ်ရှာဖို့ ခက်ခဲနေတယ်လို့ အဲဒီအလုပ်သမားတွေက ဆိုပါတယ်။
စက်ရုံအတွင်း အလုပ်သမားအခွင့်အရေး တောင်းဆိုလေ့ရှိသူတွေကို အကြောင်းမဲ့အလုပ်ထုတ်ပြီး တခြားမှာလည်းဝင်မလုပ်နိုင်အောင် အဲဒီအလုပ်သမားတွေရဲ့စာရင်းဖြန့်ဝေထားတာတွေ ရှိနေတာလို့ ဆိုပါတယ်။
” အလုပ်သွားလျှောက်ရင် ဘာအကြောင်းပြချက်မှ မပေးဘဲ လက်မခံနိုင်ဘူးဆိုပြီး ငြင်းခံရတာ များနေပြီ။တော်တော်များများ အဲဒီလိုကြုံနေရတာ ” လို့ အလုပ်ရှာနေတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အလုပ်သမားအခွင့်အရေးတောင်းဆိုတတ်သူတှေကို စက်ရုံတွေက မှတ်ထားပြီး အချင်းချင်း ဖြန့်ဝေအသိပေးတာကို ဒီနှစ်အတွင်း ပိုကြုံတွေ့နေရတယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
” အရင်က ရှိခဲ့တယ်၊ အဲဒီလောက် မဟုတ်ဘူး။ သမဂ္ဂတွေက ပြောနိုင်ဆိုနိုင်တဲ့အချိန်ဆိုတော့ အလုပ်ရှင်တွေ သိပ်မလုပ်ရဲဘူး။ အခုက သူတို့ အလုပ်ရှင်အချင်းချင်း အရမ်းစည်းလုံးတာ။ အလုပ်သမားအခွင့်အရေးတောင်းဆိုဖူးတဲ့သူတွေဆို အင်တာဗျူးတောင် အခေါ်မခံရဘူး ” လို့ ရွှေပြည်သာမြို့နယ်က အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
အဲဒီလို ခွဲခြားဖိနှိပ်နေတာကြောင့် စက်ရုံအလုပ်သမားတွေဟာ အခွင့်အရေး ချိုးဖောက်ခံရရင် ထုတ်မပြောရဲတော့ဘဲ အလုပ်ရှင်တွေ စိတ်ကြိုက်ခြယ်လှယ်ခွင့် ရနေတယ်လို့လည်း သူတို့က ပြောပါတယ်။
မြန်မာနိုင်ငံက စက်ရုံ၊ အလုပ်ရုံတွေမှာ ၂ နှစ်အတွင်း အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှု အဆိုးရွားဆုံး ခံစားနေရပြီး အလုပ်သမားရုံးတွေကိုလည်း အားကိုးလို့ မရဘူးလို့ အလုပ်သမားတွေက ဆိုပါတယ်။
(ပြည်တွင်းစက်ရုံတစ်ခုတွင် အလုပ်သမားအခွင့်အရေးတောင်းဆိုနေသူများကို တွေ့ရစဥ်)
Exit mobile version