မြန်မာလုပ်သားတချို့ ပြည်ပအလုပ်အကိုင်ရပြီးမှ ပတ်စ်ပို့သက်တမ်းကုန်ကာနီးလို့ ပြန်ပယ်ဖျက်ခံနေရ

မြန်မာလုပ်သားတချို့ ပြည်ပအလုပ်အကိုင်ရပြီးမှ ပတ်စ်ပို့သက်တမ်းကုန်ကာနီးလို့ ပြန်ပယ်ဖျက်ခံနေရ
- မြန်မာလုပ်သားတချို့ ပြည်ပအလုပ်အကိုင်ရပြီးပေမယ့်နိုင်ငံကူးလက်မှတ်(Passport)သက်တမ်းကုန်တော့မှာမို့ ပြန်ပယ်ဖျက်ခံနေရတယ်လို့ သိရပါတယ်။ပြည်ပမှာ အလုပ်အကိုင်ရရှိကြောင်း အလုပ်အကိုင်အေဂျင်စီတွေနဲ့သဘောတူညီမှုရပြီးတဲ့ မြန်မာလုပ်သားတွေဟာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့ စောင့်ဆိုင်းနေတုန်းမှာပဲ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို အစိုးရက ရပ်ဆိုင်းလိုက်တာပါ။ ဒါကြောင့် ပြည်ပထွက်မယ့် မြန်မာလုပ်သားတွေအနေနဲ့ အလုပ်ရဖို့ အခွင့်အရေးပါ လွဲချော်ကုန်တယ်လို့ဆိုပါတယ်။” နိုင်ငံကူးလက်မှတ်သက်တမ်းကုန်တော့မှာမို့လို့ ပြည်ပထွက်ခွင့်မရတော့ဘူးဆိုပြီး Cancel လုပ်ခံလိုက်ရတယ်။တခြားသက်တမ်းလက်ကျန် ပိုတဲ့သူနဲ့ အစားထိုးလိုက်တယ် ” လို့ မလေးရှားနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့စောင့်ဆိုင်းနေသူတစ်ဦးက ပြောပါတယ်။
- လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက ပြည်ပကိုစေလွှတ်မယ့်အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းကို အဓိကကြည့်ပြီး ခေါ်ယူနေတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။” လွှတ်မယ်ဆိုရင်လည်း ချက်ချင်းလွှတ်ရတာမဟုတ်ဘူး။တခြားပြင်ဆင်ရတဲ့ကိစ္စတွေနဲ့ လချီကြာတတ်တော့ နိုင်ငံကူးလက်မှတ်သက်တမ်းက အခုချိန်မှာ အရမ်းစကားပြောတယ် ” လို့ အေးဂျင့်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ပြည်တွင်းမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကိုဒီလဆန်းကစပြီး ရပ်လိုက်တာကြောင့် ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ၊ ပညာသင်ဖို့နဲ့ဆေးကုသဖို့သွားမယ့်သူတွေအပေါ် ရိုက်ခတ်မှုကြီးမားစွာဖြစ်ပေါ်နေပါတယ်။ဘာကြောင့် အဲဒီလိုရပ်ဆိုင်းတယ်ဆိုတာကို သက်ဆိုင်ရာက ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ထုတ်ပြောတာမရှိသလို ဘယ်တော့ပြန်လုပ်ပေးမယ်ဆိုပြီးလည်း အသိပေးထားတာမရှိပါဘူး။