ရနောင်း လဝကအချုပ်ခန်းက မြန်မာ ၆၀၀ ကျော်ကို ဒီနေ့ပြန်ပို့ဖို့ စီစဥ်

ရနောင်း လဝကအချုပ်ခန်းက မြန်မာ ၆၀၀ ကျော်ကို ဒီနေ့ပြန်ပို့ဖို့ စီစဥ်
- ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့ လဝက အချုပ်ခန်းက မြန်မာ ၆၀၀ကျော်ကို ဒီကနေ့ ရနောင်း – ကော့သောင်းရေလမ်းကြောင်းတစ်ဆင့် ပြန်ပို့ဖို့ စီစဥ်နေပါတယ်။မြန်မာဘက်က တာဝန်ရှိသူတွေက ဒီကနေ့မှာ လှေ လေးစင်းနဲ့ လာရောက်ခေါ်ဆောင်နေတာ ဖြစ်ပါတယ်။မြန်မာအမျိုးသား ၅၃၄ ဦးနဲ့ အမျိုးသမီး ၁၃၆ဦး စုစုပေါင်း ၆၇၀ ဦးကို နေရပ်ပြန်လည်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။လွတ်ရက်စေ့ပြီးချိန်အထိ နေရပ်ပြန်မပို့လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ ဆန္ဒပြခဲ့ပြီးနောက် သူတို့ကို ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေက စီစဥ်ခဲ့တာ ဖြစ်ပါတယ်။ လွတ်ရက်စေ့ပြီး မြန်မာပြည်ပြန်ပို့ဖို့ စောင့်ဆိုင်းနေကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ တချို့က ၆ လ၊ ၇လခန့်အထိ အချုပ်မှာ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
- အဲဒီမြန်မာလုပ်သားတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ အချုပ်တွင်း ဆန္ဒပြခဲ့တာကြောင့် မြန်မာသံရုံးအလုပ်သမားသံအရာရှိ ဉီးတင်အောင်က IDC တာဝန်ရှိသူများ၊ ထိန်းသိမ်းခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားခေါင်းဆောင်များနဲ့ သွားရောက်တွေ့ဆုံပြီး ညှိနှိုင်းဖြေရှင်းခဲ့တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်တာကြောင့် ကန့်သတ်အရေအတွက်နဲ့ နေရပ်ပြန်ပို့နေတာဖြစ်တယ်လို့ ထိုင်းဘက်က ရှင်းလင်းပြောကြားခဲ့တယ်လို့ သံရုံးက ဆိုပါတယ်။


