ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး အဆုံးစီရင်

ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး အဆုံးစီရင်
- တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦး ဖေဖော်ဝါရီလ ၂၂ ရက်က အဆုံးစီရင်သွားခဲ့တယ်လို့ သိရပါတယ်။အသက် ၃၀ အရွယ် ကိုအောင်ကျော်ဖြိုးဟာ ညအိပ်မပျော်တဲ့ဝေဒနာခံစားနေရသူဖြစ်ကာ မြန်မာနိုင်ငံကို တစ်လလောက်ပြန်အနားယူဖို့ စီစဥ်ထားပြီး မပြန်ခင်ရက်ပိုင်းအလိုမှာ အဆုံးစီရင်သွားတာလို့ သိရပါတယ်။သူဟာ တောင်ကိုရီးယားနိုင်ငံကိုရောက်တာ ခြောက်လလောက်ပဲရှိသေးပြီး ဂယောင်ဂီပြည်နယ်၊ ဖိုချောင်းမြို့ ၊ဂါဆန်ရပ်ကွက်က ဓာတ်ပုံမှန်ဘောင်ထုတ်စက်ရုံမှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။
- အခုလိုညတိုင်း အိပ်မပျော်တဲ့အတွက် အလုပ်ရှင်ထံ တစ်လခွဲလောက်ခွင့်ယူဖို့တောင်းခဲ့ပြီး အလုပ်ရှင်က ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပေးခဲ့တာကြောင့် ဖေဖော်ဝါရီလ ၂၆ ရက်မှာ မြန်မာပြည် ပြန်ဖို့ စီစဥ်ထားခဲ့တာလို့သိရပါတယ်။မပြန်ခင်ဆေးခန်းသွားပြခဲ့ပြီး ဆေးရုံက ည အိပ်ဆေးတွေ ပေးလိုက်လို့ ည အိပ်ပျော်သွားသလို စိတ်တွေလည်း ရွှင်လန်းနေခဲ့တယ်လို့ သူ့အသိတွေက ဆိုပါတယ်။” ဖေဖော်ဝါရီလ ၂၂ ရက် မနက် ၉ နာရီလောက်မှာ သူ ရေထသောက်တာကို စက်ရုံမှာ အတူ လုပ်နေတဲ့ နိုင်ငံခြားသားက နောက်ဆုံး မြင်လိုက်တယ် ပြောတယ်”လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က ပြောပါတယ်။
- နံနက် ၁၀ နာရီကျော်လောက် အသိမြန်မာလုပ်သားတစ်ဦးက ကိုအောင်ကျော်ဖြိုးနေတဲ့ အခန်းကို သွားကြည့်တော့ ရှိမနေသလို မြန်မာနိုင်ငံက မိသားစုတွေက ဖုန်းဆက်တာလည်း မကိုင်ခဲ့ဘူးလို့ သိရပါတယ်။နေ့လည် ၂ နာရီလောက်မှာ အလုပ်ရှင် သားက ဂိုထောင်ထဲမှာ ပစ္စည်းယူဖို့ သွားတော့ လည်ပင်းမှာ လျှပ်စစ်ကြိုး ပတ်ပြီး စက္ကူပုံးတွေကြားထဲမှာ လဲကျ သေဆုံးနေတဲ့ အောင်ကျော်ဖြိုးရဲ့ ရုပ်အလောင်းကို တွေ့လိုက်တာလို့ဆိုပါတယ်။ကိုအောင်ကျော်ဖြိုးဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ကနေ ကိုရီးယားကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။