တရုတ်နိုင်ငံသားတစ်ဦးနဲ့ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦး ဖမ်းဆီးခံရ

တရုတ်နိုင်ငံသားတစ်ဦးနဲ့ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂၃ ဦး ဖမ်းဆီးခံရ
- ထိုင်းနိုင်ငံ Bang Phli မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ဝင်ရောက်စီးနင်းစဥ် ခရီးသွားဗီဇာဖြင့်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ဦးနဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တရားမဝင်အလုပ်သမားတွေ အလုပ်လုပ်နေတယ်ဆိုတဲ့ သတင်းပေးတိုင်ကြားချက်ကြောင့် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့တာပါ။ထိုင်းရဲတပ်ဖွဲ့ကို မြင်တဲ့အခါ အလုပ်သမားအများအပြားက ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် ၂၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့အားလုံးဟာ အလုပ်လုပ်ခွင့်မရှိတဲ့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ အဲဒီစီးနင်းမှုကို ဦးဆောင်တဲ့ ရဲမှူးကြီးက ပြောပါတယ်။
- ထိုင်းအရာရှိတွေက လုပ်ငန်းခွင်ကို ကြီးကြပ်ပြီး တရုတ်နွယ်ဖွားထိုင်းလူမျိုးအဖြစ် ဟန်ဆောင်ခဲ့သူကို အလုပ်သမားတွေအကြောင်း မေးမြန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်သမားခေါင်းဆောင်ရဲ့ အပြုအမှုက သံသယဖြစ်ဖွယ်ကောင်းခဲ့ပြီး သူဟာ ခရီးသွားဗီဇာနဲ့ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခဲ့တာကို အရာရှိတွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။စစ်ဆေးမေးမြန်းစဥ်အတွင်း အလုပ်ခေါင်းဆောင်ဟာ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်နေတာကို ဝန်ခံခဲ့ပါတယ်။ အဲဒီအလုပ်သမားခေါင်းဆောင်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားစွဲဆိုခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
