အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့ Brandကုမ္ပဏီတွေနဲ့ဆွေးနွေးနေတယ်လို့ဆို

အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့ Brandကုမ္ပဏီတွေနဲ့ဆွေးနွေးနေတယ်လို့ဆို
- ပြည်တွင်းက အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးနိုင်ဖို့ Brandကုမ္ပဏီတွေနဲ့ဆွေးနွေးပြောဆိုနေတယ်လို့ မြန်မာနိုင်ငံစက်မှု လက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။စက်ရုံပိုင်ရှင်တွေနဲ့ အလုပ်သမားရေးရာဌာနတွေက အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးဖို့ နှုတ်ဆိတ်နေတာကြောင့် အထည်နဲ့ကုန်ကြမ်းအပ်တဲ့ ကုမ္ပဏီတွေနဲ့တိုက်ရိုက် ပြောဆိုတောင်းဆိုနေရတာလို့ သူက ဆိုပါတယ်။” ကျွန်တော်တို့ဘက်က လုပ်နိုင်တဲ့အခြေအနေကနေရသလောက်တော့ တောင်းဆိုပေးနေပါတယ်” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။လက်ရှိမှာ အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်သာရရှိနေပြီး အဲဒီနှုန်းဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အတည်ပြုထားတဲ့နှုန်းဖြစ်ပါတယ်။
- အလုပ်သမားတွေအနေနဲ့ ခေတ်ကာလအနေအထားအရ တစ်ရက် လုပ်ခ ၄၈၀၀ ကျပ်နဲ့ မလုံလောက်တာကြောင့် လုပ်ခတိုးပေးဖို့ တောင်းဆိုထားပေမယ့် တာဝန်ရှိသူတွေက လျစ်လျူရှုနေပါတယ်။အလုပ်ရှင်တွေကလည်း သူတို့လုပ်ငန်း တိုးတက်လည်ပတ်နိုင်ရေးသာ အလေးထားနေပြီး အလုပ်သမားတွေရဲ့လစာမဖူလုံမှုအပေါ် မျက်ကွယ်ပြုနေတယ်လို့ အလုပ်သမားအဖွဲ့တွေက ဆိုပါတယ်။”အခုအလုပ်သမားရဲ့လုပ်အားခက တက်မလာတဲ့အပြင်လျော့သွားတယ်လို့တောင် ပြောလို့ရတယ်။ နိုင်ငံခြားငွေလဲနှုန်းအရ လွန်ခဲ့တဲ့ ၅နှစ်က တစ်ရက်လုပ်ခ သုံးဒေါ်လာနှုန်းရရာကနေ အခု တစ်ဒေါ်လာခွဲသာသာပဲ ရတော့တယ်” လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
- အခုလို အလုပ်သမားအဖွဲ့တွေက Brand ကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီး လုပ်အားခတိုးပေးဖို့ပြောနေပေမယ့် သူတို့က စက်ရုံပိုင်ရှင်တွေကို ဘယ်လောက်ပြန်ဖိအားပေးနိုင်မယ်ဆိုတာတော့ မသေချာဘူးလို့ ဆိုပါတယ်။မြန်မာနိုင်ငံမှာ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်သတ်မှတ်ခဲ့တာ လာမယ့် မေလ ၁၀ရက်မှာ ၅ နှစ်ပြည့်တော့မှာဖြစ်ပြီး ၂ နှစ်ကို တစ်ကြိမ် နှုန်းထားပြင်ရမယ်ဆိုတဲ့ဥပဒေပြဌာန်းချက်ဟာလည်း အသက်မဝင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ သူတို့က ပြောပါတယ်။