မေဒေးနေ့မှာ အလုပ်သမားတွေလုပ်ခတိုးပေးဖို့ အဓိကတောင်းဆို
မေ ၁ ရက်၊ Migrant Times
- ဒီနေ့ကျရောက်တဲ့ မေဒေးနေ့မှာ အလုပ်သမားအဖွဲ့တွေနဲ့အလုပ်သမားအများစုက လုပ်ခလစာတိုးမြှင့်ပေးရေးကို အဓိကတောင်းဆိုခဲ့ကြတယ်လို့ ကာယကံရှင်လုပ်သားတွေက ပြောပါတယ်။အလုပ်သမားအဖွဲ့တွေ၊ သမဂ္ဂတွေက ဒီနေ့မှာ ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ကြပြီး ကြေညာချက်ထဲမှာ များသောအားဖြင့် လုပ်ခတိုးပေးရေးဆိုတဲ့အချက် ပါဝင်ခဲ့ကြပါတယ်။အဲဒီလို လုပ်ခတိုးပေးရေးတောင်းဆိုခဲ့ကြတဲ့အထဲ မှာသွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)လည်းပါဝင်ခဲ့ကာ တစ်ရက်လုပ်ခ တစ်သောင်းကျပ်သတ်မှတ်ပေးဖို့ဆိုပြီး သူတို့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။
- “တစ်ရက်လုပ်ခ ၄၈၀၀ကျပ်နဲ့ဘယ်လိုမှမလုံလောက်ဘူးဆိုတဲ့အလုပ်သမားတွေရဲ့အသံနဲ့လက်ရှိဖြစ်သင့်တဲ့နှုန်းကိုရည်ညွန်းထည့်သွင်းထားတာ”လို့ STUMမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ဒါ့အပြင် အခြေခံအလုပ်သမားသမဂ္ဂတွေကလည်း ခေတ်ကာလနဲ့ကိုက်ညီတဲ့လုပ်ခတိုးပေးဖို့နဲ့အလုပ်ရှင်တွေအနေနဲ့ကိုယ့်အကျိုးတစ်ခုတည်းမကြည့်ဖို့ကို ဒီနေ့ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ဒါ့အပြင် အလုပ်လက်မဲ့တိုးပွားမှုကြောင့်ဖြစ်ပေါ်လာတဲ့ရွှေ့ပြောင်းလုပ်သားတွေကို လူကုန်ကူးတာ၊ခေါင်းပုံဖြတ်တာ၊ လိင်အကြမ်းဖက်တာတွေမခံရအောင် သက်ဆိုင်သူတွေက အကာအကွယ်ပေးကူညီဖို့ကိုလည်း အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့ကဆိုပါတယ်။
- ဒီနေ့မှာ အလုပ်သမားတွေနဲ့အလုပ်သမားအဖွဲ့တွေက တောင်းဆိုမှုအသီးသီးပြုလုပ်ခဲ့ကြသလို မေဒေးစိတ်နဲ့ ဖိနှိပ်ခံနေရတာတွေကို တွန်းလှန်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်။ပြည်တွင်းမှာ လုံခြုံရေးအခြေအနေကြောင့် မေဒေးနေ့အခမ်းအနားမပြုလုပ်နိုင်ခဲ့ပေမယ့် ထိုင်း၊မလေးရှား၊ ကိုရီးယားစတဲ့နိုင်ငံတွေမှာ မေဒေးနေ့အခမ်းအနားတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့ကြပါတယ်။ပြည်ပရောက်မြန်မာလုပ်သားတွေက အလုပ်သမားအခွင့်အရေးတွေတောင်းဆိုပေးကြသလို မြန်မာ့နိုင်ငံရေး မူလအခြေအနေပြန်ရောက်ဖို့လုပ်ဆောင်ရမှာတွေကို တိုက်တွန်းခဲ့ကြတာတွေရှိတယ်လို့သိရပါတယ်။
ဓာတ်ပုံ-ထိုင်းနိုင်ငံတွင် မေဒေးနေ့ လမ်းလျှောက်ဆန္ဒဖော်ထုတ်စဥ်