ဟောင်ကောင်က သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက်မြန်မာလုပ်သားခေါ်ဖို့ရှိပေမဲ့ သဘောတူစာချုပ်လက်မှတ်မထိုးရသေးဘူးလို့ဆို
မေ ၂ ရက်၊ Migrant Times
- ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် မြန်မာလုပ်သားတွေခေါ်ဖို့ရှိပေမယ့် အလုပ်သမားခေါ်ယူခန့်ထားရေးသဘောတူစာချုပ်ချုပ်ဆိုထားတာမရှိသေးဘူးလို့ ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးက ကြေညာပါတယ်။ဟောင်ကောင်ရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် ဒေသအစိုးရက မြန်မာအပါအဝင် နိူင်ငံခြားသားလုပ်သားတွေကို ခေါ်ယူဖို့ ပြင်ဆင်မှုတွေရှိနေတာပါ။လက်ရှိအချိန်အထိ ဒေသအစိုးရနှင့် အလုပ်သမားခေါ်ယူရေးဆိုင်ရာသဘောတူစာချုပ်မချုပ်ဆိုရသေးတာကြောင့် မြန်မာနိုင်ငံမှအလုပ်သမားတွေအနေနဲ့ ဟောင်ကောင်ဒေသဆီလာရောက်ပြီး ကာလရှည်အလုပ်လုပ်ကိုင်ဖို့ခက်ခဲနိုင်မယ်လို့ ကောင်စစ်ဝန်ရုံးရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။
- ဟောင်ကောင်က မြန်မာလုပ်သားတွေခေါ်ယူဖို့သေချာသလောက်ရှိနေပြီး အဲဒီအတွက်အလုပ်သမားစေလွှတ်မယ့်အေဂျင်စီတွေလည်း ပြင်ဆင်နေကြတယ်လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။”မကြာဘူး၊ စလွှတ်နိုင်မယ်ထင်တယ်။ နှစ်ဘက်လက်မှတ်ထိုးတာကတော့ ကြာဦးမယ်ထင်တယ်။ အဲဒီမတိုင်ခင် ရှေ့ပြေးလွှတ်ဖြစ်ဖို့များတယ်” လို့ သူက ပြောပါတယ်။မြန်မာနိုင်ငံမှ အလုပ်သမားတွေဟာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာလုပ်ငန်းအတွက် ဂျပန်နိုင်ငံကိုသွားရောက်လုပ်ကိုင်နေကြရပြီး ဂျပန်နိုင်ငံကလည်း မြန်မာလုပ်သားတွေကို အများအပြားခေါ်ယူနေပါတယ်။ဒါ့အပြင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအလုပ်အတွက် စင်ကာပူနိုင်ငံကလည်း ခေါ်ယူနေတာရှိပါတယ်။လက်ရှိမှာ ဟောင်ကောင်က ထပ်မံခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပြီး ဝန်ဆောင်ခနဲ့ အရေအတွက်ဘယ်လောက်လွှတ်နိုင်မယ်ဆိုတာကတော့ မသိရသေးပါဘူး။