လုပ်ငန်းခွင်ဘေးကင်းခြုံရေးနေ့ ယဉ်ကျေးမှုကို ဖန်တီးဖို့နှိုးဆော်
ခွန်သောမတ်စ်၊ Migrant Times
- ထိုင်းနိုင်ငံက လုပ်ငန်းခွင်တွေမှာ လုပ်ငန်းခွင်ဘေးကင်းခြုံရေးနေ့ ယဉ်ကျေးမှုကို ဖန်တီးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက နှိုးဆော်လိုက်ပါတယ်။ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Miracle Grand Hotel မှာ အလုပ်သမားဝန်ကြီးဌာနက မနေ့က ကျင်းပတဲ့ အမျိုးသားလုပ်ငန်းခွင် ဘေးကင်းရေးနေ့ ဖွင့်ပွဲအခမ်းအနားမှာ အခုလို တိုက်တွန်းနှိုးဆော်ခဲ့တာပါ။နှစ်စဉ် မေလ (၁၀) ရက်နေ့အား “အမျိုးသား လုပ်ငန်းခွင်ဘေးကင်းရေးနေ့” သတ်မှတ်၍ အထိမ်းအမှတ်အဖြစ် နှစ်စဥ်ကျင်းပခဲ့ပြီး အစိုးရသက်ဆိုင်ရာ ဌာနပေါင်းစုံမှ “အလုပ်ခွင် အန္တရာယ်ကင်းရှင်းရေးနေ့” ကို ကဏ္ဍအသီးသီးမှ အသိပညာပေးကာ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုများနှင့် ရောဂါဘယများ ကြိုတင်ကာကွယ် နိုင်စေရန် စေတနာကောင်းဖြင့် တိုက်တွန်း နှိုးဆော်ကြောင်း အလုပ်သမားကာကွယ်ရေး နှင့် လူမှုဖူလုံရေးဦးစီးဌာန (DLP)က ညွှန်ကြားရေးမှူးချုပ် Mr. Niyom Songkaew က ပြောကြားခဲ့ပါတယ်။
- ပြင်းထန်သော မီးလောင်ကျွမ်းမှု ဖြစ်ရပ်ဆိုးတစ်ခုကို အကြောင်းပြု၍ လူအသေ အပျောက်နှင့် ဒဏ်ရာများစွာ ရရှိခဲ့ဖူးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး သတိပြုမိစေရန် သက်ဆိုင်ရာ အစိုးရဌာနပေါင်းစုံ၊ အဖွဲ့အစည်းအသီးသီးတို့က စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်ကြဖို့၊ လုပ်ငန်းခွင်ဘေးကင်းရေး၏ အရေးကြီးပုံကို သိရှိနားလည်စေပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းအားလုံးတွင် အလုပ်သမားများ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးကို အကောင်အထည်ဖော်ဆောင်ကြဖို့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် Mr. Bunchob Suttamanaswongက ဥက္ကဋ္ဌ အဖြစ် ဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပါတယ်။
- မေလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ အလုပ်ခွင် ဘေးကင်းရေးနေ့မှာ ကျန်းမာရေးမြှင့်တင်ရေးရန်ပုံငွေ (ထိုင်းကျန်းမာရေးမြှင့်တင်မှု ဖောင်ဒေးရှင်း)၊ လုပ်ငန်းခွင်ဘေးကင်းရေးဆိုင်ရာ အစိုးရနှင့်ပုဂ္ဂလိကတို့မှ အထူးဟောပြောပွဲ၊ လုပ်ငန်းခွင်အတွင်း ကျန်းမာရေး ရှေ့ပြေးပုံစံ လုပ်ငန်း ၅၈ ခုအား ဂုဏ်ထူးဆောင် လက်မှတ်များ ပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။လုပ်ငန်းခွင်အတွင်း ကိုယ်လက်လုပ်ရှားမှု လေ့ကျင်ခန်းဖြင့် သုခချမ်းသာ မြှင့်တင်ရေးနှင့် ထိုင်းလူ့အဖွဲ့အစည်း ရေရှည်တည်တံ့စေရန် လုပ်ငန်းခွင်အတွင်း ဘေးကင်းရေး ယဉ်ကျေးမှုကို ဖန်တီးရန်လည်း ဒီအခမ်းအနားမှာ တိုက်တွန်းထားပါတယ်။
ကိုးကား၊ ဓာတ်ပုံ-mol.go.th