ထိုင်းနိုင်ငံ၊ ဖေ့စ်ချာဘွန်ပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား မသုံးဖို့ လူဝင်မှုကြီးကြပ်ရေးရုံးက အထူးကြပ်မတ်
ခွန်သောမတ်
မေ ၁၅ ရက်၊ Migrant Times
- ထိုင်းနိုင်ငံ၊ ဖေ့စ်ချာဘွန်ပြည်နယ်မှာ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား မသုံးဖို့ လူဝင်မှုကြီးကြပ်ရေးရုံးက အထူးကြပ်မတ်နေပါတယ်။ထိုင်းနိုင်ငံ၊ Phetchabun ပြည်နယ်၊ Bueng Sam Phan မြို့ ၊ ကန်ဂျူးကျေးရွာအုပ်စု၊ မူထိ (၄) မှာရှိတဲ့ Golden Line Business Company Limited ရှိ တရား၀င် မှတ်ပုံတင်ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမား (၂၀၀)ကျော်နဲ့ စီးပွားရေး အလုပ်ရှင်/ လုပ်ငန်းရှင်များအတွက် အလုပ်သမားဥပဒေဆိုင်ရာ ပြည်သူ့ဆက်ဆံရေး အနေနဲ့ တွေ့ဆုံ နှီးနှောဖလှယ်ကြောင်း သိရပါတယ်။
- ထိုင်း လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဆိုင်ရာအား ဖေ့စ်ချာဘွန် ပြည်နယ်အတွင်း အလုပ်ရှင် နှင့် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအတွက် ဆောင်ရန် ရှောင်ရန် တို့ကို ရှင်းပြခြင်း၊ လူကုန်ကူးမှု နှင့် အဓမ္မလုပ်အားပေး ခိုင်းစေခြင်း မရှိဖို့ အသိပညာဗဟုသုတများ မျှဝေခြင်းကို လူဝင်မှု ကြီးကြပ်ရေး အမှတ် ၅ ၏ မူဝါဒအရ ရဲမှူးကြီး ဆူဖာနတ်က ပြောကြားသွားပါတယ်။
- ထိုင်းနိုင်ငံရဲ့ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပြဌာန်းသတ်မှတ်တဲ့ အတိုင်း လိုက်နာဖို့၊ အလုပ်ပါမစ် မရှိဘဲ အလုပ်လုပ်ကိုင် နေသူကို တွေ့ရှိပါက အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဘက်လုံးအား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ အတိုင်း တင်းတင်းကျပ်ကျပ် အရေးယူဖို့ ထောင်ဒဏ် နှင့် ငွေဒဏ်နှစ်ရပ်လုံးချမှတ်နိုင်ပြီး အလုပ်ရှင်အား ပြစ်ဒဏ်နောက်ဆုံး စီရင်ချက်ချတဲ့ နေ့မှ စ၍ ၃ နှစ်အထိ အလုပ်ခန့်ထားဖို့ တားမြစ်ထားကြောင်း သိရပါတယ်။တရားမဝင် ရွှေ့ပြောင်းအလုပ်သမားကို တွေ့ရှိပါက Phetchabun လူဝင်မှုကြီးကြပ်ရေးထံ ဖုန်းနံပါတ် 056-729730 ကို တိုက်ရိုက်ဆက်သွယ် သတင်းပို့နိုင်ကြောင်း ရဲမှူးကြီး Sarawut က ပြောပါတယ်။