ဘရာဇီးနိုင်ငံက မြန်မာသင်္ဘောသားသက်သေခံလက်မှတ် (CDC)ကိုင်ထားသူတွေကို ဝင်ခွင့်မပေးတော့ဘူးလို့ဆို

ဘရာဇီးနိုင်ငံက မြန်မာသင်္ဘောသားသက်သေခံလက်မှတ် (CDC)ကိုင်ထားသူတွေကို ဝင်ခွင့်မပေးတော့ဘူးလို့ဆို
- ဘရာဇီးနိုင်ငံက မြန်မာသင်္ဘောသားသက်သေခံလက်မှတ်(CDC)ကိုင်ဆောင်ထားသူတွေကို နိုင်ငံထဲဝင်ခွင့်မပေးတော့ဘူးလို့ မြန်မာနိုင်ငံသင်္ဘောသားဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MSESF)ထံက သိရပါတယ်။ဘရာဇီးနိုင်ငံရဲ့ မေလ ၁ ရက်မှာ စတင်အသက်ဝင်နေပြီဖြစ်တဲ့ လူဝင်မှုဥပဒေအသစ်အရ CDCကိုင်ဆောင်ထားသူတွေ ဝင်ရောက်ခွင့်ကို ကန့်သတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီလူဝင်မှုဥပဒေအသစ်အရ မြန်မာသင်္ဘောသား CDC ကိုင်ထားရင် ဝင်ခွင့်မရတော့ဘဲ ဝင်လာရင် ကြီးလေးတဲ့ဒဏ်ရိုက်ခံရနိုင်တဲ့အပြင် သက်ဆိုင်ရာနိုင်ငံကို ပြန်ပို့ခံရမယ်ဆိုပြီး ဘရာဇီးအစိုးရက အသိပေးထားတယ်လို့ MSESFက ထုတ်ပြန်ထားတာဖြစ်ပါတယ်။
- ဘရာဇီးနိုင်ငံက CDCကိုင်ဆောင်ထားသူတွေကို ဝင်ရောက်ခွင့်မပြုတော့သော်လည်း SID လက်မှတ်ရှိရင်တော့ ဝင်ခွင့်ပြုမှာဖြစ်ပြီး အဲဒီလက်မှတ်မရှိရင်မြန်မာနိုင်ငံရှိ ဘရာဇီးသံရုံးမှာ Visa လျှောက်ရမယ်လို့ သိရပါတယ်။” မြန်မာသင်္ဘောသားတွေအတွက် ဘရာဇီးသင်္ဘောလိုင်းဝင်ဖို့ အခက်အခဲတော့ရှိသွားတယ်။ သူ့နိုင်ငံဥပဒေဖြစ်နေတော့ မသိလို့ပါဆိုပြီး လိုက်သွားလို့မရဘူး ” လို့ ပင်လယ်ကူးသင်္ဘောသားတစ်ဦးက ပြောပါတယ်။အခုလိုကန့်သတ်ချက်တွေရှိလာတာကြောင့် မြန်မာသံရုံး အနေနဲ့ သင်္ဘောနဲ့ ဘရာဇီးနိုင်ငံကို မြန်မာနိုင်ငံသားများဝင်ရောက်လာရင် ဘရာဇီး အာဏာပိုင်များဆီ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ဖို့ရှိတယ်ဆိုပြီးတော့လည်း MSESFရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။