ဟိုစိမ့်အထည်ချုပ်စက်ရုံမှာ အနည်းဆုံးလုပ်ခတိုးမြှင့်ဖို့တောင်းဆိုခဲ့တဲ့ လုပ်သား ၇ ဦးအလုပ်ထုတ်ခံရ

ဟိုစိမ့်အထည်ချုပ်စက်ရုံမှာ အနည်းဆုံးလုပ်ခတိုးမြှင့်ဖို့တောင်းဆိုခဲ့တဲ့ လုပ်သား ၇ ဦးအလုပ်ထုတ်ခံရ
- ရန်ကုန်တိုင်းဒေသကြီး၊ သာဓုကန်စက်မှုဇုန်ရှိ ဟိုစိမ့်အထည်ချုပ်စက်ရုံမှာ အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ အဲဒီစက်ရုံအလုပ်သမားသမဂ္ဂက အလုပ်သမား ၇ဦးအလုပ်ကထုတ်ခံလိုက်ရတယ်လို့ စက်ရုံလုပ်သားတွေထံကသိရပါတယ်။ဟိုစိမ့်စက်ရုံအလုပ်သမားသမဂ္ဂကဦးဆောင်ပြီး တစ်ရက်လုပ်ခ ၅၆၀၀ ကျပ်သတ်မှတ်ပေးဖို့ တစ်နာရီအချိန်ပိုကြေး ၁၄၀၀ ကျပ်ပေးဖို့ မေလကုန်ကတည်းက တောင်းဆိုခဲ့တာပါ။အဲဒီတောင်းဆိုချက်ကို စက်ရုံဘက်က သဘောတူလိုက်ပြီးနောက် ဇွန်လ ၁၀ ရက်မှာ ဦးဆောင်တောင်းဆိုခဲ့တဲ့အလုပ်သမား ၇ဦးကို အလုပ်ကထုတ်လိုက်တာဖြစ်တယ်လို့ စက်ရုံအလုပ်သမားတစ်ဦးက ဆိုပါတယ်။”အလုပ်သမား၇ယောက်အလုပ်ထုတ်ခံရတာကိုဒီနေ့သိလိုက်တော့ကျန်အလုပ်သမားတွေကမကျေနပ်ကြဘူး။အဲဒီလိုလုပ်တာကိုမကျေနပ်ကြောင်းပြတဲ့အနေနဲ့မနက်က လုပ်ငန်းခွင်မဝင်ဘဲ ထမင်းစားဆောင်မှာစုထိုင်ပြီးသပိတ်မှောက်ကြတယ်”လို့ သူကပြောပါတယ်။
- အဲဒီနောက် တိုင်းနဲ့မြို့နယ်အလုပ်သမားရုံးမှ တာဝန်ရှိသူတွေရောက်လာပြီးဖြောင်းဖျကာ လုပ်ငန်းခွင်ပြန်ဝင်ဖို့ပြောပေမယ့် အလုပ်သမားတွေကငြင်းဆန်ခဲ့ကြတယ်လို့ဆိုပါတယ်။”နောက်တော့အလုပ်ထုတ်ခံရသူတွေကို အလုပ်ပြန်ခန့်၊ မခန့်ကို တာဝန်ယူဖြေရှင်းပေးမယ်ဆိုပြီး အလုပ်သမားရုံးကပြောသွားတယ်။မနက်ဖြန်သူတို့ညှိမယ်ပြောတယ်”လို့ အဲဒီစက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။အလုပ်သမားတွေကတော့ ဒီနေ့မှာ လုပ်ငန်းခွင်ပြန်ဝင်သူရှိသလို မဝင်သူတွေလည်းရှိခဲ့ပြီး အလုပ်ထုတ်ခံရသူတွေကို ဘယ်လို ဆောင်ရွက်ပေးမယ်ဆိုတာကိုဆက်လက်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။
- ပြည်တွင်းက စက်ရုံတချို့ဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ရှိနေပြီး ထောက်ပြပြောဆိုတဲ့သမဂ္ဂဝင်တွေကို အကြောင်းမဲ့အလုပ်ထုတ်တာ၊ တခြားစက်ရုံတွေမှာပါအလုပ်မရအောင် လုပ်တာမျိုးတွေဆက်တိုက်လုပ်လာနေကြတယ်လို့ အလုပ်သမားအဖွဲ့တွေကပြောပါတယ်။အဲဒီလို့ သမဂ္ဂဖြိုခွင်းမှုတွေကျူးလွန်နေတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာအသင်းပင်းဖွဲ့စည်းခွင့်ချိုးဖောက်နေတယ်ဆိုပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)က ထုတ်ပြန်ထားပါတယ်။