ထိုင်းနိုင်ငံ၊ရနောင်းနဲ့ ချွန်ဖော်မှာ တရားမဝင်နည်းလမ်းနဲ့ ထိုင်းနိုင်ငံထဲဝင်လာတဲ့ မြန်မာ ၁၁ ဦးကို ဖမ်းမိ
ဇွန် ၂၀ ရက်
ရန်၊ Migrant Times
- ရနောင်းနဲ့ ချွန်ဖော်ခရိုင်ထဲက ထိုင်းစစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းနိုင်ငံအထဲတရားမဝင်လမ်းကြောင်းနဲ့ဝင်လာပြီး အလုပ်လုပ်ကြမယ့် မြန်မာနိုင်ငံသား ၁၁ ဦးကို စစ်ဆေးဖမ်းဆီးမိခဲ့တယ်လို့ ရနောင်းအခြေစိုက် အမှတ်- ၂၅ ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။မနေ့က နေ့လယ် ၁ နာရီမှာ ရနောင်းခရိုင်ထဲက စစ်ဆေးရေးတစ်ခုဖြစ်တဲ့ စိလာလပ် (ကျော်ပေါ်လော်) စစ်ဆေးရေးဂိတ်ကတပ်ဖွဲ့တွေနဲ့ ပါ့က်ကျန်ရဲစခန်းက ရဲတွေပူးပေါင်းပြီး ဂိတ်တွင်းစစ်ဆေးမှုပြုလုပ်ရာမှာ လိုင်းကားအသေးနဲ့ လိုက်ပါလာတဲ့ တရားမဝင်မြန်မာလုပ်သမား ကျား ၁ ဦးနဲ့ မ ၅ ဦး စုစုပေါင်း ၆ ဦးတို့ကို စစ်ဆေးဖမ်းဆီးခဲ့ပါတယ်။ အထောက်အထားပြသစစ်ဆေးမှုလုပ်ဆောင်ချိန် ဝင်ရောက်လာသူနဲ့ ပတ်စ်ပို့စာအုပ်အထဲကအချက်အလက်မကိုက်ညီတာကို တွေ့ရှိခဲ့ပါတယ်။ အတူလိုက်ပါလာတဲ့ ပွဲစားတစ်ဦးဖြစ်သူ မစုသန်းထွေးကို စစ်ဆေးမေးမြန်းရာ ဆူရတ်ဌာနီခရိုင်မှာနေထိုင်ကြတဲ့ သူတို့တွေရဲ့အမျိုးဆက်သွယ်မှုနဲ့ ရနောင်းမှာ လာခေါ်ပေးရတယ်လို့ ထွက်ဆိုထားပါတယ်။
- နောက်ထပ်ဖမ်းဆီးခံရတဲ့ ၄ ဦးက အမျိုးသားအားလုံးဖြစ်ပြီး ရနောင်းနဲ့ကပ်ရပ်ဖြစ်တဲ့ ချွန်ဖော်ခရိုင်စစ်ဆေးရေးတစ်ခုမှာ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ ဒီအလုပ်သမား ၄ ဦးလုံးဟာ မြန်မာနိုင်ငံ၊ ကော့သောင်းဘက်ကနေ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ ရနောင်းခရိုင်ဘက်ကိုရောက်ရှိလာပြီး နောက်ထပ်တစ်နေရာသွားနေစဉ်မှာ ချွန်ဖော်ခရိုင်၊ ဖာ့သို့မြို့နယ်၊ အုပ်စု ၅ ပါ့က်စုံကျေးရွာက စစ်ဆေးရေးဂိတ်တစ်ခုမှာ အဖမ်းခံလိုက်ရတာပါ။တရားမဝင်ဝင်ရောက်လာသူများနဲ့ ပွဲစားတွေကို ဥပဒေအရအပြစ်ပေး အရေးယူရန် သက်ဆိုင်ရာရဲစခန်းကို ပို့ဆောင်ထားပါတယ်။