တောင်ကိုရီးယားမှာ မြန်မာသင်္ဘောသား နှစ်ဦး ပင်လယ်ထဲပြုတ်ကျလို့ ကယ်ဆယ်ခဲ့ရ
အရုဏ်ဦး
ဇွန်လ ၂၆ရက်၊Migrant Times
- တောင်ကိုရီးယားနိုင်ငံမှာ မြန်မာသင်္ဘောသား နှစ်ဦး သင်္ဘောပေါ်က ပင်လယ်ထဲပြုတ်ကျလို့ ကမ်းခြေစောင့်အဖွဲ့က ကယ်ဆယ်ခဲ့ရတယ်လို့ အဲဒီနိုင်ငံသတင်းတွေမှာ ဖော်ပြထားပါတယ်။ဇွန်လ၂၅ ရက် ညနေ ၃ နာရီခွဲလောက်က ကိုရီးယားနိုင်ငံ အရှေ့တောက်ဘက်ရှိ ဂယောင်ဆန်ဘွတ်ဒို ဖိုဟန်ရှီး နမ်ဂု ဟိုမီဂုတ် မြောက်ဘက် ၁၃ ကီလိုမီတာအကွာရှိ ပင်လယ်ပြင်ထဲမှာ တန်ချိန် ၇ ထောင်ရှိ ကားတင်သင်္ဘောပေါ်ကနေ အသက် ၃၀နှစ်နဲ့ ၄၀ နှစ်အရွယ်ရှိ မြန်မာ သင်္ဘောသား နှစ် ဦးပင်လယ်ထဲ ပြုတ်ကျသွားခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။
- အဲဒီ မြန်မာသင်္ဘောသား နှစ်ဦးကို ဖိုဟန် ပင်လယ်ကမ်းခြေစောင့် ရဲဝန်ထမ်းတွေက ကယ်ဆယ်ပြီး ဆေးရုံပို့ပေးခဲ့တာပါ။ ဒါ့အပြင် ပင်လယ်ထဲပြုတ်ကျရတဲ့ဖြစ်စဥ်နဲ့ပတ်သက်လို့လည်း သင်္ဘောကပ္ပတိန်ကို စစ်ဆေးနေတယ်လို့ သိရပါတယ်။”သူတို့ကျန်းမာရေးကကောင်းတယ်လို့ ပြောတယ်။အသေးစိတ်တော့မသိဘူး”လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီနေသူတစ်ဦးကပြောပါတယ်။
- အသက် ၄၀နှစ် အရွယ်ရှိ မြန်မာသင်္ဘောသားက ပထမဦးဆုံး ရေထဲပြုတ်ကျစဥ်မှာ အသက် ၃၀ နှစ်အရွယ်ရှိ မြန်မာသင်္ဘောသားက ပင်လယ်ထဲ ဆင်းကယ်ခဲ့တာလို့ ကနဦးသတင်းတွေအရ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထိုင်းနိုင်ငံကတဆင့် ဝင်ရောက်လာတဲ့မြန်မာသင်္ဘောသားတစ်ဦး ဆေးခြောက်ဆီပါဝင်တဲ့ E-စီးကရက်တွေ့လို့ဆိုပြီး မူးယစ်ဆေးဝါးအမူနဲ့ဖမ်းဆီးခံခဲ့ရသေးတယ်လို့ အဲဒီနိုင်ငံရောက်မြန်မာအသိုင်းအဝိုင်းထံက ဆိုပါတယ်။