အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကို ဖမ်းဆီး
ဇွန် ၂၉ ရက်
အရုဏ်ဦး၊ Migrant Times
- အလုပ်သမားအခွင့်အရေးတောင်းဆိုခဲ့ကြတဲ့ အထည်ချုပ်စက်ရုံနှစ်ရုံက အလုပ်သမား ၇ဦးနဲ့ ကူညီသူ ၃ဦးတို့ကို ဆူပူဆန္ဒပြအောင်သွေးထိုးလှုံ့ဆော်လို့ဖမ်းဆီးထားတယ်လို့ စကစ ဘက်ကထုတ်ပြန်ပါတယ်။ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံက အလုပ်သမား ၅ဦးနဲ့ Sun Apperal Myanmar အထည်ချုပ်စက်ရုံက အလုပ်သမား ၂ဦးတို့ကို ဇွန်လ ၁၄ရက်နဲ့ ၁၇ ရက်တို့မှာဖမ်းဆီးလိုက်တာလို့ဆိုပါတယ်။ဒါ့အပြင် တရားဝင်အဖွဲ့အစည်းမဟုတ်တဲ့ Action Labor Rightsအလုပ်သမားအဖွဲ့ မှ နှစ်ဦးကိုလည်းဆူပူဆန္ဒပြမှုဖြစ်အောင် သွေးထိုးလှုံ ့ဆော်တယ်ဆိုပြီးဖမ်းဆီးခံထားရပါတယ်။
- အဲဒီသူတွေကို ထိရောက်စွာအရေးယူဖို့ဆောင်ရွက်နေပြီး Action Labor Rightsမှ တိမ်းရှောင်နေသူနှစ်ဦးနဲ့နောက်ကွယ်ကသွေးထိုးလှုံ ့ဆော်ဝါဒဖြန့်နေသူတွေကိုဆက်လက်ဖော်ထုတ်အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုလိုဖမ်းဆီးခံထားရတဲ့သူတွေဟာ လုပ်ခလစာတိုးမြှင့်ပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်းရပိုင်ခွင့်တွေကိုသာတောင်းဆိုသူတွေဖြစ်လို့ နိုင်ငံရေးပြစ်မှုတွေနဲ့ဖမ်းဆီးတဲ့အပေါ်ဝေဖန်မှုတွေရှိနေပါတယ်။”အလုပ်သမားတွေရဲ့ကိုယ့်အခွင့်အရေးလွတ်လပ်စွာတောင်းဆိုခွင့်ကိုပါတားဆီးပိတ်ပင်ခံလိုက်ရတဲ့သဘောဖြစ်နေတယ်။လုပ်ငန်းခွင်ပြသနာကို ဝင်ရောက်မပါဝင်သင့်ဘူး”လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
- အခုလို အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေကို ဖမ်းဆီးတာမလုပ်ဖို့နဲ့ ဖမ်းဆီးထားသူတွေပြန်လွှတ်ပေးဖို့ အီးယူအပါအဝင်နိုင်ငံတကာအလုပ်သမားအဖွဲ့တွေကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတောင်းဆိုထားကြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်နေပြီး အဓမ္မစေခိုင်းမှုတွေရှိနေတယ်လို့ ILOက စွပ်စွဲထားချိန်မှာ အလုပ်သမားအခွင့်အရေးတောင်းဆိုသူတွေပါဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။
ဓာတ်ပုံ-ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံတွင် အလုပ်သမားအရေး တောင်းဆိုဆန္ဒပြစဥ်။