Site icon Migrant Times

မြန်မာအပါအဝင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားလုပ်သားတွေကို ​အလုပ် ရွှေ့​ပြောင်း လုပ်ကိုင်ခွင့်ကန့်သတ်

မြန်မာအပါအဝင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားလုပ်သားတွေကို ​အလုပ် ရွှေ့​ပြောင်း လုပ်ကိုင်ခွင့်ကန့်သတ်

ဇူလိုင် ၆ ရက်
အရုဏ်ဦး၊ Migrant Times
  • မြန်မာအပါအဝင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားအလုပ်သမားတွေကို စက်တင်ဘာလကစကာ အလုပ်ရွှေ့ပြောင်းလုပ်ခွင့်ကန့်သတ်မယ်လို့ သိရပါတယ်။နိုင်ငံခြားသားလုပ်သားတွေရဲ့အလုပ်ပြောင်းရွှေ့လုပ်ကိုင်ခွင့်နဲ့ နိုင်ငံခြားသားအလုပ်သမားတွေနဲ့ပတ်သက်လို့ ကျင့်သုံးမယ့်မူဝါဒအသစ်တွေကို တောင်ကိုရီးယားအလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၅ ရက်မှာ အတည်ပြုထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။”အခုကျင့်သုံးမယ့်မူဝါဒတွေက အလုပ်သမားတွေအတွက်ကောင်းတာပါသလို၊ အကြပ်ရိုက်စေမယ့်အခြေအနေတွေလည်းတွေ့ရတယ်။ များသောအားဖြင့် သူ့နိုင်ငံစီးပွားရေးလုပ်ငန်းတွေအတွက်ကျင့်သုံးမယ့်သဘောတွေ့ရတယ်”လို့ တောင်ကိုရီးယားရောက်မြန်မာအလုပ်သမားအရေးကူညီနေသူတစ်ဦးကပြော​ပါတယ်။
  • အရင်က ဒေသမရွေး အလုပ် ပြောင်းရွှေ့ လုပ်ကိုင်ခွင့် ရရှိခဲ့တာကြောင့် နိုင်ငံခြားသား လုပ်သား အများစုဟာ မြို့ကြီးများမှာသာ အလုပ် ထပ်မံ ရှာဖွေ လုပ်ကြတဲ့အတွက် ဝေးလံတဲ့ ဒေသကအလုပ်ရုံတွေမှာ လုပ်သား လုံလောက်မှု အခက်အခဲများစွာ ကြုံတွေ့နေခဲ့ကြတာကြောင့် အခုလိုကန့်သတ်ရတာလို့ ကိုရီးယားအစိုးရက​ထုတ်ပြန်အသိပေးထားပါတယ်။ကိုရီးယားနိုင်ငံအတွင်းရှိ အလတ်စားနဲ့ အသေးစား စက်မှု လုပ်ငန်းများမှာ နိုင်ငံသားလုပ်သားတွေ လုံလောက်စွာ အလုပ်မလုပ်နိုင်ကြတဲ့အတွက် နိုင်ငံခြားသား လုပ်သားများ အလုပ်လုပ်ကိုင်ခွင့် ဥပဒေကို ပြဌာန်းပြီး ပြည်ပနိုင်ငံများမှ နိုင်ငံခြားသား လုပ်သားများကို ခေါ်ယူကာ အလုပ်များ လုပ်ကိုင်စေခဲ့တာဖြစ်ပါတယ်။အဲဒီနိုင်ငံခြားသားလုပ်သားတွေနဲ့ပတ်သက်လို့ စက်တင်ဘာလမှာ စတင် ဝင်ရောက်လာကြမယ့်သူတွေအနေနဲ့ ဆိုးလ်မြို့၊ အင်ချွန်းမြို့၊ ဂယောင်ဂီပြည်နယ်၊ ချွန်ချောင်းပြည်နယ်၊ ဂျောလာပြည်နယ်နဲ့ ဂျဲဂျူကျွန်းစတဲ့ ဒေသကနိုင်ငံခြားသား လုပ်သားတွေပဲ အလုပ်ပြောင်းရွှေ့ လုပ်ကိုင်ခွင့် ရရှိတော့မှာ ဖြစ်ပြီးကျန်ဒေသကအလုပ်သမားတွေအနေနဲ့ဒေသကျော် လုပ်ခွင့်ကန့်သတ်ဖို့သတ်မှတ်ထားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။
  • ဒါ့အပြင် လုပ်သားလုံလောက်မှု မရှိတဲ့ သင်္ဘောကျင်းလုပ်ငန်းရှိ လုပ်သားတွေဟာ တခြား အလုပ်ရုံကို ပြောင်းရွှေ့လုပ်ကိုင်ခွင့်ရပါက တခြား သင်္ဘောကျင်း လုပ်ငန်းကိုသာ ပြောင်းလဲ လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ဆက်လက်ပြီးအရင် ဥပဒေအရ ၄ နှစ် ၁၀ လအထိ အလုပ်ရုံ တစ်ရုံတည်းမှာ အလုပ် လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသားတွေသာ ကိုရီးယားနိုင်ငံကို တစ်လအတွင်း ပြန်လည် ဝင်ရောက် အလုပ် လုပ်ကိုင်ခွင့် ရရှိကြပေမဲ့ အခု ပြန်လည် ပြဌာန်းတဲ့ ဥပဒေထဲမှာ မိခင် အလုပ်ရုံမှာ တစ်နှစ်အထက် အလုပ် လုပ်ကိုင်ခဲ့ပါက ကိုရီးယားကို ပြန်လည် ဝင်ရောက် အလုပ် လုပ်ကိုင်ခွင့် ရရှိမှာလည်း ဖြစ်တယ်လို့သိရပါတယ်။

Exit mobile version