ပြည်ပရောက်မြန်မာတွေရဲ့ ပျောက်ဆုံး/ပျက်စီးနိုင်ငံကူးလက်မှတ်တွေအတွက်ဒဏ်ကြေးတိုးမြှင့်
ဇူလိုင်၂၈ ရက်
အရုဏ်ဦး၊ Migrant Times
- ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီးတာတွေအတွက်သတ်မှတ် ဒဏ်ကြေးတွေကို တိုးမြှင့်လိုက်တယ်လို့ နိုင်ငံအသီးသီးရှိ သံရုံးတွေက ကြေညာထားပါတယ်။နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးမှုအတွက် ဒဏ်ကြေးကို နိုင်ငံတချို့မှာ နှစ်ဆနီးပါးစီ တိုးမြှင့်လိုက်တာဖြစ်တယ်လို့ ကြေညာချက်တွေအရ သိရပါတယ်။ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိသံရုံးက ပျောက်ဆုံး/ပျက်စီးနိုင်ငံကူးလက်မှတ်အသစ်ပြန်လျှောက်မှုအတွက် မူလက ဒဏ်ကြေးနဲ့စာအုပ်ဖိုး ယန်း ၁၇၀၀၀ ကောက်ရာကနေ ဇူလိုင် ၂၃ ရက်ကစပြီး ယန်းနှစ်သောင်း ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ကြေညာပါတယ်။အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ရှိ သံရုံးက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးအသစ်ထုတ်ပေးခြင်းအတွက် စာအုပ်ဖိုး အရင် ၂၅ဒေါ်လာကောက်ယူရာမှ အခု ၃၅ ဒေါ်လာ၊ နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီးအတွက် အရင်က ဒဏ်ကြေးနဲ့စာအုပ်ဖိုးဒေါ်လာ ၁၀၀ ကနေ အခု ၁၄၀ ဒေါ်လာပြောင်းလဲကောက်မယ်လို့ ဆိုပါတယ်။
- ထိုင်းနိုင်ငံမှာ ဒဏ်ကြေး ၃၆၅၀ဘတ်နဲ့ စာအုပ်တန်ဖိုး ၁၂၅၀ ဘတ်ပြောင်းလိုက်သတ်မှတ်လိုက်ကြောင်းကြေညာထားသလို မလေးရှားနိုင်ငံရှိ သံရုံးကလည်း ရင်းဂစ် ၃၃၀အစား ရင်းဂစ် ၄၈၀ ပြောင်းလိုက်တယ်ဆိုပြီးကြေညာထားပါတယ်။တောင်ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီသံရုံးက မူလအမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာကောက်ယူခဲ့ရာကနေ အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာပြောင်းလဲကောက်ယူမှာဖြစ်ပြီးအရှေ့အလယ်ပိုင်းဒေသရှိ ရီရတ်ဒ်မြို့စစ်ကောင်စီသံရုံးကလည်း စာအုပ်တန်ဖိုးနဲ့ဒဏ်ကြေးအပါ ဆော်ဒီရယ် ၄၂၀အစား ဆော်ဒီရယ် ၅၃၅ ပြောင်းလဲကောက်ယူမယ်ဆိုပြီးကြေညာထားတာဖြစ်ပါတယ်။အဲဒီသံရုံးတွေအနေနဲ့ ပြောင်းလဲသတ်မှတ်တဲ့ ဒဏ်ကြေးတွေကိုကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက်တပြိုင်တည်း သတ်မှတ်လိုက်တာဖြစ်တယ်လို့ ပြည်ပရောက်မြန်မာအသိုင်းအဝိုင်းကဆိုပါတယ်။
- “ပြည်ပရောက်မြန်မာတွေငွေပိုကုန်သွားမယ်။သူတို့နိုင်ငံခြားငွေပိုရမယ်။ ဘယ်တတ်နိုင်မလဲ”လို့ ဂျပန်ရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။လက်ရှိမှာ နိုင်ငံကူးလက်မှတ်အတွက်ပေးသွင်းရမယ့် ငွေပမာဏတွေတိုးမြှင့်လိုက်ပေမယ့် စာအုပ်သက်တမ်းတိုးဖို့နဲ့ ပျောက်ဆုံး၊ပျက်စီးအတွက်အသစ်ပြန်လျှောက်ဖို့ ရက်ချိန်းမရတာ၊ ရက်ချိန်းနှစ်ချီစောင့်ခိုင်းတာတွေရှိနေတဲ့အပေါ်ဝေဖန်မှုတွေလည်းဖြစ်ပေါ်နေပါတယ်။