ထိုင်းနိုင်ငံရေးပါတီတွေကြားထဲ မညပ်စေဖို့ အလုပ်သမားရေးလှုပ်ရှားသူတွေ သတိပေးနေ
ဩဂုတ် ၅ ရက်
စကားဝါ၊ Migrant Times
- ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအပြီး နှစ်လကျော်ကြာတဲ့အထိ ဝန်ကြီးချုပ်နဲ့ အစိုးရသစ်ဖွဲ့စည်းခန့်အပ်နိုင်ခြင်း မရှိသေးတာရဲ့ နောက်ဆက်တွဲ နိုင်ငံရေးရှုပ်ထွေးမှုတွေကြားမှာ အလုပ်သမားတွေအနေနဲ့ ကင်းအောင်နေဖို့ အလုပ်သမားရေးလှုပ်ရှားသူတွေက သတိပေးနေကြပါတယ်။လက်ရှိအချိန်မှာ ဖြူထိုင်းပါတီအပေါ် ဆန္ဒပြသပိတ်မှောက်မှုတွေ ပြင်းထန်နေတာကြောင့် ထိုင်းလူမျိုးတွေရဲ့ နိုင်ငံရေးကစားကွက်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အသုံးချသွားမှာ စိုးရိမ်ရတာဖြစ်ပါတယ်။“ ကျွန်တော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ အခြေအနေတွေကို ဆင်ခြင်တုံတရားနဲ့ဆုံးဖြတ်ဖို့လိုတယ်။ ကိုယ့်နေရာ မဟုတ်ဘူး၊ ကိုယ့်နိုင်ငံမဟုတ်ဘူးဆိုတာကို အမြဲသတိရနေဖို့လိုတယ်။ ထိုင်းနိုင်ငံရေးမှာ မြန်မာမှမဟုတ်ဘူး၊ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ခဏခဏ အသုံးချခံရတယ် ” လို့ Labour Rights Foundation (LRF)မှ ဉီးအောင်ကျော်က သတိပေးထားပါတယ်။
- ပြီးခဲ့တဲ့ မေဒေးနေ့က အထိမ်းအမှတ်အဖြစ် ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားတွေက အလုပ်သမား အခွင့်အရေးတောင်းဆိုချက်တွေ စုပေါင်းတောင်းဆိုခဲ့ချိန်မှာ ထိုင်းတော်ဝင်မိသားစုနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတချို့ကို ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက လျှပ်တပြက်ဝင်ရောက်ပြုလုပ်သွားခဲ့ပါတယ်။ဒီလုပ်ရပ်ကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပိုမိုတင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်တာမျိုး ခံခဲ့ရပါသေးတယ်။ဒါကြောင့်လက်ရှိအခြေအနေတွေကို သတိထားရှောင်ရှားကြဖို့ သတိပေးနေကြတာဖြစ်ပါတယ်။
ဓာတ်ပုံ- ပြီးခဲ့သည့်အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့က ထိုင်းရောက်မြန်မာများ စုပေါင်းဆန္ဒဖော်ထုတ်စဥ်။