Site icon Migrant Times

စာချုပ်ချုပ်ပြီးတဲ့ အလုပ်သမားတွေကို ပြည်ပကိုစေလွှတ်ပြီးမှ အလုပ်ခေါ်စာအသစ်တွေလက်ခံမယ်လို့ဆို

စာချုပ်ချုပ်ပြီးတဲ့ အလုပ်သမားတွေကို ပြည်ပကိုစေလွှတ်ပြီးမှ အလုပ်ခေါ်စာအသစ်တွေလက်ခံမယ်လို့ဆို

ဩဂုတ် ၃၀ ရက်
အရုဏ်ဦး၊ Migrant Times
  • အေဂျင်စီတွေအနေနဲ့ စာချုပ်ချုပ်ဆိုထားတဲ့အလုပ်သမားတွေကိုသက်ဆိုင်ရာနိုင်ငံကို စေလွှတ်ပြီးမှ နောက်ထပ်အလုပ်ခေါ်စာအသစ်တွေကို လက်ခံပေးမယ်လို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဦးမြင့်နောင်က ပြောပါတယ်။ဝန်ကြီးဦးမြင့်နောင်က ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က တာဝန်ရှိသူတွေနဲ့မနေ့က တွေ့ဆုံပြီး ပြည်ပအလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဥ်တွေနဲ့ ပတ်သက်လို့ ပြောကြားရာမှာ အထက်ပါအချက်ကို ထည့်သွင်းအသိပေးခဲ့တာ ဖြစ်ပါတယ်။သက်ဆိုင်ရာအေဂျင်စီများအနေနဲ့ စာချုပ်ချုပ်ဆိုပြီးတဲ့ အလုပ်သမား​တွေကို ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ဖို့လိုကြောင်း၊ သတ်မှတ်ရက်အတွင်း စေလွှတ်နိုင်မှုမရှိရင် အလုပ်သမားတွေရဲ့ တိုင်ကြားမှုတွေ ဖြစ်ပေါ်လာနိုင်လို့ အဲဒီလို မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ အေဂျင်စီ​တွေက အလေးထားဆောင်ရွက်ဖို့ လိုတယ်ဆိုပြီး ဦးမြင့်နောင်က ပြောတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
  • အလုပ်သမားတွေကို အချိန်မီစေလွှတ်နိုင်ခြင်းမရှိရင် သက်ဆိုင်ရာအေဂျင်စီ​တွေရဲ့ စာချုပ်ချုပ်ဆိုပြီးတဲ့ အလုပ်သမားများ စေလွှတ်ပြီးမှသာ အလုပ်ခေါ်စာအသစ်များကို ဝန်ကြီးဌာနက လက်ခံမယ်လို့ ဆိုပါတယ်။သက်ဆိုင်ရာက စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၉၀ အတွင်း ​စေလွှတ်ပေးရမယ်လို့ သတ်မှတ်ထားပေမယ့် မြေပြင်မှာ စာချုပ်ချုပ်ပြီး ခြောက်လကျော်တဲ့အထိ မသွားရတဲ့အလုပ်သမားတွေ အများအပြားရှိနေတယ်လို့ အလုပ်သမားတချို့က ဆိုပါတယ်။” မလေးရှားသွားမလို့ စောင့်နေတာ ခြောက်လကျော်နေပြီ။ ဟိုရွှေ့၊ ဒီရွှေ့နဲ့ ။ ကုန်ကျစရိတ်ကို ငွေအတိုးနဲ့ ယူထားတာ။ မသွားရတော့ အတိုးက တောက်လျှောက်တက်နေတယ် ” လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။အဲဒီလို သက်မှတ်ကာလအတွင်း မစေလွှတ်နိုင်တဲ့အေဂျင်စီတွေကို ထိထိရောက်ရောက်အရေးယူပေးစေလိုသလို အလုပ်သမားတွေစောင့်ဆိုင်းရတဲ့ကာလအတွက်နစ်နာမှုတွေကို တာဝန်ယူပေးစေလိုတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။လက်ရှိမှာ ပြည်ပကို အလုပ်သမားစေလွှတ်ဖို့ အေဂျင်စီ ၄၅၀ ကျော်ကို တရားဝင်ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

Exit mobile version