Site icon Migrant Times

တောင်ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦး အိပ်နေရင်းကွယ်လွန်

တောင်ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦး အိပ်နေရင်းကွယ်လွန်

စက်တင်ဘာ ၁၅ ရက်
အရုဏ်ဦး၊ Migrant Times
  • တောင်ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးဟာ စက်တင်ဘာ ၁၄ ရက်ညပိုင်းက အိပ်နေရင်းကွယ်လွန်သွားတယ်လို့ အဲဒီနိုင်ငံရောက်မြန်မာအသိုင်းအဝိုင်းထံကသိရပါတယ်။အသက် ၃၀အရွယ် ကိုရဲထက်အောင်ဟာ ကိုရီးယားနိုင်ငံ ၊ဂယောင်ဂီပြည်နယ်၊ ဟွာဆောင်မြို့၊ အုဂျောင်အွတ်ရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာလို့ဆိုပါတယ်။ကိုရဲထက်အောင်က နောက်နေ့အလုပ်ဆင်းဖို့ အိပ်နေစဉ် ည ၈နာရီ ၃၀ မီနစ်အချိန်မှာ အလုပ်မှ ပြန်လာကြတဲ့ သူငယ်ချင်း တစ်စုက ကိုရဲထက်အောင်ကို လှုပ်နိုးတဲ့အခါ ခန္ဓာကိုယ်က တောင့်နေပြီး နိုးလာခြင်း မရှိတော့တာလို့တောင်ကိုရီးယားရောက်မြန်မာ အလုပ်သမားအရေးကူညီပေးနေတဲ့ ကိုဇော်မျိုးအောင်က ပြောပါတယ်။
  • “အခန်းရှိ သူငယ်ချင်း တစ်စုက ၁၁၉ ကို ဖုန်းဆက် အကူအညီ တောင်းခဲ့ရာ မ​ကြာမီိ ဟွာဆောင်ရဲစခန်းမှ ရဲဝန်ထမ်းများ ရောက်လာပြီး ကိုရဲထက်အောင်ရဲ့ သေဆုံးမှုကို စစ်ဆေးကာ ဟွာဆောင် အ​အေးတိုက်ပို့လိုက်ပါတယ်”လို့ သူ့ ဖေ့ဘွတ်ခ်ကွန်ရက်မှာ အသိပေးထားတာဖြစ်ပါတယ်။ဟွာဆောင် ရဲစခန်း တာဝန်ရှိ ရဲဝန်ထမ်းများက ကိုရဲထက်အောင်၏ ရုပ်အလောင်းကို ထပ်မံစစ်ဆေးပြီး သင်္ဂြိုဟ်ခွင့်ပြုပါက နာရေး အစီအစဉ်ကို ကြေညာပေးမယ်လို့လည်းဆိုပါတယ်။ကွယ်လွန်သူဟာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ဇာတိကဖြစ်ပြီး ရန်ကုန်မြို့မှာဇနီးနဲ့ ကလေးနှစ်ယောက်ကျန်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကိုရဲထက်အောင်ဟာ ကိုရီးယားကို ရောက်တာ တစ်နှစ် မပြည့်သေးဘူးလို့လည်း သူနဲ့နီးစပ်သူတွေကပြောပါတယ်။

Exit mobile version