Site icon Migrant Times

မိသားစုဆီလွှဲပို့ငွေအထောက်အထားမပေးပို့တဲ့အေဂျင်စီ ၁၀၀ကျော်သတိပေးခံရc

ဒီဇင်ဘာ၉ရက် ၊အရုဏ်ဦး
ပြည်ပရောက်လုပ်သားရဲ့မိသားစုဆီလွှဲပို့ငွေအထောက်အထားပေးပို့ခြင်းမရှိတဲ့အေဂျင်စီ ၁၀၀ ကျော်ကို ဒီနေ့(ဒီဇင်ဘာ၉ရက်)မှာ မပို့နိုင်ရင်အရေးယူမယ်လို့ စစ်ကောင်စီရဲ့အလုပ်သမားညွန်ကြားရေးဦးစီးဌာနက သတိပေးထားပါတယ်။
နိုဝင်ဘာအတွက်လွှဲပို့ငွေအထောက်အထားကို ပေးပို့ခြင်းမရှိသေးတဲ့အေဂျင်စီ ၁၁၈ခုရှိပြီး ဒီနေ့နောက်ဆုံးထားပေးပို့ဖို့သတိပေးထားတာဖြစ်ပါတယ်။
အဲဒီပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ အထောက်အထားပေးပို့ဖို့ပျက်ကွက်ရင် ဒါဏ်ကြေးပေးဆောင်ရမယ့်အပြင် အလုပ်ခေါ်စာအသစ်တင်ခွင့်ကိုပါဆိုင်းငံ့အရေးယူမှာဖြစ်ပြီး အရင်လကစာရင်းကိုပါပျက်ကွက်ရင် ဒဏ်ကြေးနှစ်ဆပေးဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
“စာရင်းပေးပို့ဖို့ပျက်ကွက်တာကအေဂျင်စီအဟောင်းတွေရော၊အသစ်တွေရောပါတယ်။အလုပ်သမားနဲ့အဆက်သွယ်ပြတ်တဲ့သူတွေအခက်တွေ့နေကြတာ”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
အေဂျင်စီတွေအနေနဲ့ စေလွှတ်အလုပ်သမားက မိသားစုဆီငွေလွှဲပို့တာမရှိရင်လည်း မရှိတဲ့အကြောင်း တင်ပြရမယ်လို့လည်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ဆိုပါတယ်။
ပြည်ပရောက်အလုပ်သမားရဲ့မိသားစုဆီလွှဲပို့ငွေအထောက်အထားကို လဆန်း၅ရက်မတိုင်ခင် အေဂျင်စီတွေက သက်ဆိုင်ရာဌာနဆီပေးပို့နေကြရတာဖြစ်ပါတယ်။
ဒါ့အပြင် ဧပြီလကနေ သြဂုတ်လအထိ စေလွှတ်ခဲ့တဲ့အလုပ်သမားတွေရဲ့လွှဲပို့ငွေအထောက်အထားကိုလည်း တပေါင်းတည်းပေးပို့ရဖို့ရှိနေပါတယ်။
စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေကို လစာရဲ့ ၂၅ရာခိုင်နှုန်း မိသားစုဆီတရားဝင်လွှဲပို့ဖို့ ညွန်ကြားထားတာပါ။
လက်ရှိမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၆၀၀ ကျော်က လစဥ် အလုပ်သမား ၁၀၀၀၀ နီးပါးကိုပြည်ပ​ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။
#migranttimes #myanmarworker #migrants #Myanmar #BreakingNews #news
Exit mobile version