နိုဝင်ဘာ၂၆ရက်၊အရုဏ်ဦး
ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၆၀၀ ကျော်အထိရှိလာပြီလို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
နိုဝင်ဘာလဒုတိယအပတ်အတွင်း အေဂျင်စီအသစ် ၅ခုတိုးလာပြီး လက်ရှိ အေဂျင်စီအရေအတွက်မှာ ၆၀၁ခု ရှိလာတာဖြစ်ပါတယ်။
အဲဒီထဲကမှ အေဂျင်စီ ၄ခုက ယာယီပိတ်သိမ်းအရေးယူခံထားရတာကြောင့် လုပ်ငန်းလည်ပတ်နေတဲ့အေဂျင်စီ ၅၉၇ခု ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁မတိုင်ခင်က ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀၀ လောက်သာရှိခဲ့ပြီး ဒီဖက်နှစ်တွေမှာ အေဂျင်စီအသစ်တွေတရှိန်ထိုးဖွင့်လှစ်လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။
“လုပ်ငန်းကောင်းလို့မဟုတ်ဘူး။ စမ်းလုပ်ချင်တဲ့သဘောနဲ့ဝင်လာကြတာများတယ်။ အေဂျင်စီတွေများလာတော့လုပ်ငန်းပြိုင်ဆိုင်အားထုတ်ရတာတွေတော့ရှိတယ်”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အဲဒီလို အေဂျင်စီအရေအတွက်များလာပေမယ့် အလုပ်သမားမပို့နိုင်တဲ့ အေဂျင်စီအများအပြားရှိနေတယ်လို့လည်း အဲဒီလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
(၂၀၂၂ မေလ ၁၀ရက်က ကော့သောင်းမြို့သို့ ရောက်ရှိလာသော MoU လုပ်သားများအား တွေ့ရစဥ်၊ ဓာတ်ပုံ – ကော့သောင်းမြို့ MoU အလုပ်သမားများ )