နိုဝင်ဘာ၂၄ရက်၊ အရုဏ်ဦး
ရန်ကုန်မြို့မှာနေထိုင်စရိတ်နဲ့ကုန်စျေးနှုန်းကြီးမြင့်နေတာကြောင့် လစာကိုအိမ်ပြန်မပို့နိုင်တဲ့အလုပ်သမားတွေများလာတယ်လို့ အလုပ်သမားအသိုင်းဝိုင်းဆီက သိရပါတယ်။
အဆောင်နဲ့အိမ်ခန်းငှားရမ်းခတွေ တိုးလာသလို အထွေထွေကုန်ကျစရိတ်ကြီးမြင့်လာလို့ ရတဲ့လစာမှာ တကိုယ်ရေအတွက်ပဲ သုံးနိုင်တဲ့အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်မှ စက်ရုံလုပ်သားတစ်ဦးက
“အရင်ကလတိုင်းမဟုတ်တောင် လခြားပြီးအိမ်ကို ငွေထောက်နိုင်သေးတယ်။အခုက ကိုယ်တယောက်စာလုံလောက်ဖို့တောင်မနည်း ချွေတာနေရတယ်၊ကိုယ့်လိုပဲအိမ်ကိုငွေမလွဲနိူင်တော့တဲ့သူအများကြီး”လို့ ပြောပါတယ်။
သာမန်အထည်ချုပ်လုပ်သားတစ်ဦးရဲ့လစာမှာ ကျပ်နှစ်သိန်းနဲ့ သုံးသိန်းဝန်းကျင်လောက်သာရှိပြီး မိသားစုနဲ့နေထိုင်သူတွေအတွက် လုံလောက်မူရှိမနေဘူးလို့ အလုပ်သမားတချို့က ဆိုပါတယ်။
လက်ရှိမှာ အဆောင်နဲ့အိမ်ငှားရမ်းခတွေကလည်း အနည်းဆုံးကျပ်နှစ်သောင်းကနေ ငါးသောင်းနီးပါးအထိတိုးလာသလို လျှပ်စစ်မီတာခမှာလည်းနှစ်ဆနီးပါးတိုးလာလို့ ကုန်ကျစရိတ်ပိုများလာတယ်လို့ သူတို့က ပြောပါတယ်။
“လစာသာ တိုးမလာတာ၊ ကုန်ကျစရိတ်တွေက ဘယ်ဟာမဆိုနှစ်ဆလောက်တက်နေတော့ ဘယ်လိုမှအဆင်ပြေမနေဘူး။မိသားစုများတဲ့သူတွေဆိုပိုဒုက္ခရောက်ကြတယ်”လို့ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ပြင် လုပ်သားတစ်ဦးက ပြောပါတယ်။
အဲဒီလို ကျပ်တည်းမှုတွေများလာတာကြောင့် စက်ရုံလုပ်သားတွေအနေနဲ့ ပြည်ပကိုသွားရောက်ကြတာရှိသလို ပြည်ပထွက်ဖို့ပြင်ဆင်နေသူတွေများစွာရှိနေတယ်လို့လည်း သူတို့က ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းကအလုပ်သမားတွေရဲ့တစ်ရက်အနည်းဆုံးအခကြေးငွေမှာ ၄,၈၀၀ ကျပ်ဖြစ်ပြီးထောက်ပံ့ကြေး ကျပ်၂၀၀၀ပေးဖို့သီးသန့်သတ်မှတ်ထားပါတယ်။
အလုပ်သမားတွေဖက်အနည်းဆုံးလုပ်ခနှုန်းထားကိုတိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးဖို့အစဥ်တစိုက်တောင်းဆိုထားကြပါတယ်။
ရန်ကုန်မြို့မှာ တွေ့ရတဲ့ စက်ရုံလုပ်သားတွေ။ ဓာတ်ပုံ – HA/Migrant Times