Site icon Migrant Times

ရက်ရှည်ရုံးပိတ်ရက်သတ်မှတ်ထားပေမယ့် စက်ရုံတချို့ မပိတ်

ဒီဇင်ဘာ ၂၉၊ အရုဏ်ဦး
ရက်ရှည်ရုံးပိတ်ရက်သတ်မှတ်ထားပေမယ့် စက်ရုံတချို့ကပိတ်ရက်မပေးဘဲ ဆက်ဖွင့်နေတယ်လို့ အလုပ်သမားအရေးလူပ်ရှားသူတွေဆီက သိရပါတယ်။
စစ်ကောင်စီက ဒီဇင်ဘာ ၂၈ကနေ ဇန်နဝါရီ ၁ရက်အထိ ရုံးပိတ်ရက် ၅ရက် သတ်မှတ်ထားတာဖြစ်ပြီး စက်ရုံတချို့က လုပ်ငန်းအခြေအနေအရဆိုပြီးဖွင့်လှစ်လည်ပတ်နေတာလို့ ဆိုပါတယ်။
“ပိတ်ရက်မပေးတဲ့ရုံတွေရှိတယ်။အလုပ်သမားတွေကတော့ နားချင်တယ်။စက်ရုံကမပိတ်ပေးလို့ စိတ်ညစ်နေကြတယ်”လို့ လှိုင်သာယာမြို့နယ်က အလုပ်သမားအရေးလူပ်ရှားသူတစ်ဦးက ပြောပါတယ်။
တချို့စက်ရုံတွေကတော့ သတ်မှတ်ထားတဲ့ရက်အပြည့်မပေးဘဲ ပိတ်ရက်လျှော့ပေးတာမျိုးတွေရှိတယ်လို့လည်း အလုပ်သမားတွေဆီက သိရပါတယ်။
“၅ရက်ပိတ်ရမှာကို နှစ်ကူးနေ့ပဲပိတ်ပေးမယ်လို့ ပြောတယ်။ဆင်းရတဲ့နေ့တွေအတွက်ကို အချိန်ပိုကြေးနဲ့တွက်ပေး၊မပေးလည်းမသိရသေးဘူး”လို့ ရွှေပြည်သာမြို့နယ်မှ စက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။
အခုသတ်မှတ်တဲ့ရုံးပိတ်ရက်တွေမှာ တရားဝင်သတ်မှတ်ထားတာဖြစ်လို့ အလုပ်သမားဆန္ဒမပါရင်မဆင်းလို့ရသလို အဲဒီရက်တွေမှာ အလုပ်ဆင်းရရင် အချိန်ပိုကြေးပေးရမှာဖြစ်တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ဆိုပါတယ်။
ပြောင်းလဲသတ်မှတ်လိုက်တဲ့ ရုံးပိတ်ရက်ရှည်ကို ပိတ်ရက်မတိုင်ခင်ရက်ပိုင်းအလိုကမှအသိပေးတာဖြစ်လို့ စက်ရုံတွေဖက်ကကြိုတင်ပြင်ဆင်ချိန်မရတဲ့အခြေအနေမျိုးတွေရှိခဲ့တယ်လို့ အဲဒီလုပ်ငန်းအသိုင်းဝိုင်းဆီက သိရပါတယ်။
Exit mobile version