ထောက်ပံ့ကြေးတိုးပြီးနောက် အဆောင်နဲ့ကုန်စျေးနှုန်းတက်လို့ အလုပ်သမားတွေပိုကြပ်တည်းလာ

​နိုဝင်ဘာ ၃ရက်၊ အရုဏ်ဦး
စက်ရုံလုပ်သားတွေကို ထောက်ပံ့ကြေးတိုးပေးလိုက်ပြီးနောက်မှာ အဆောင်နဲ့ ကုန်စျေးနှုန်းတွေမြင့်တက်ခဲ့လို့ ပိုပြီးကြပ်တည်းမှုတွေ ဖြစ်လာတယ်လို့ လုပ်သားတချို့က ပြောပါတယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့ စက်တင်ဘာတို့မှာ ထောက်ပံ့ကြေးတစ်ရက် ၁,၀၀၀ ကျပ်စီပေးဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီလိုထောက်ပံ့ကြေးတိုးပေးခိုင်းပြီးနောက်မှာ အဆောင်နဲ့ အိမ်ငှားခတွေတိုးလာသလို အထွေထွေကုန်စျေးနှုန်းမြင့်တက်မှုပါ ကြုံရတာကြောင့် ရတဲ့ငွေနဲ့မကာမိအောင် ဒုက္ခရောက်ကြရတယ်လို့ စက်ရုံလုပ်သားတွေက ဆိုပါတယ်။
“အဆောင်ခဆိုလည်း တစ်သောင်းလောက်တိုးသွားတယ်။မီတာခတွေတိုးလို့ဆိုပြီးအကြောင်းပြတယ်။အိမ်ငှားခတွေဆိုပိုဆိုးတယ်။ထောက်ပံ့ကြေးရတာနဲ့ ပြန်ကုန်တာမကာမိဘူး။ကုန်စျေးနှုန်းတက်ချက်က စျေးတောင်မယ်ရဲဘူး”လို့ လှိုင်သာယာမြို့နယ်က စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
အလုပ်သမားတွေကို တိုးပေးတဲ့ နှစ်ထောင်ကျပ်မှာ ထောက်ပံ့ကြေးခေါင်းစဥ်အောက်မှာရှိနေတာကြောင့် အချိန်ပိုကြေးတွက်ရာမှာ အကျုံးမဝင်လို့ အလုပ်သမားတွေ နစ်နာရတယ်လို့လည်းဆိုပါတယ်။
“စက်ရုံလုပ်သားတွေဘဝက ကြပ်ပြီးရင်းကြပ်တာ။လုပ်နေရင်းကိုငတ်ရတဲ့အခြေအနေမျိုး။တချို့စက်ရုံတွေဆိုထောက်ပံ့ကြေးတောင်အပြည့်မပေးဘူးဆိုတာတွေကြားနေရတယ်”လို့ ပြည်တွင်းအလုပ်သမားအရေးလူပ်ရှားသူတစ်ဦးက ပြောပါတယ်။
အလုပ်သမားတွေအနေနဲ့ ကြပ်တည်းမှုမဖြစ်ရအောင်လုံလောက်တဲ့လုပ်ခရရှိရေးတောင်းဆိုထားပေမယ့် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့အလုပ်ရှင်တွေက မျက်ကွယ်ပြုထားကြတယ်လို့သူတို့က ဆိုပါတယ်။
အခုလို ကြပ်တည်းမှုတွေ ရှိနေတာကြောင့် စက်ရုံလုပ်သားတွေအနေနဲ့ ပြည်ပကိုထွက်ဖို့ကိုသာပိုပြီး အားစိုက်နေကြတယ်လို့ အလုပ်သမားတချို့ကဆိုပါတယ်။
အဲဒါကြောင့် ပြည်တွင်းစက်ရုံလုပ်သားတွေအနေနဲ့ လူကုန်ကူးမှုခံရနိုင်တဲ့ ဆိုးရွားတဲ့အခြေအနေမှာရောက်ရှိနေတယ်လို့လည်း အလုပ်သမားအရေးလူပ်ရှားသူတွေက ပြောပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *