Site icon Migrant Times

တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ပြဿနာဖြေရှင်းရေး ပန်းရောင်ကတ်စင်တာဖွင့်ဖို့ တောင်းဆို

အောက်တိုဘာ ၂၉ ရက်၊
ခွန်သောမတ်စ်၊ Migrant Times
တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ပြဿနာဖြေရှင်းရေး ပန်းရောင်ကတ် စင်တာဖွင့်ဖို့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားနဲ့ဆက်စပ်နေသူတွေက တောင်းဆိုနေကြပါတယ်။
ထိုင်းနို်င်ငံက မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ရွှေ့ပြောင်းလုပ်သားတွေထဲမှာ ပန်းရောင်ကတ်ပြုလုပ်ဖို့ လိုအပ်သူ ရှစ်သိန်းကျော်ခန့်ရှိပြီး လက်တွေ့မှာ လေးသိန်းလောက်ပဲ ဆောင်ရွက်ထားနိုင်တာပါ။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာ အပြီးသတ် ဆောင်ရွက်နိုင်မယ်လို့ ခန့်မှန်းထားပြီး အလုပ်ရှင်တွေက ထိုင်းဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကော်မရှင်ကို စာတင်ထားတယ်လို့ သိရပါတယ်။
စမွတ်ပရာကန်ပြည်နယ်မှာ နိုင်ငံခြားသား အလုပ်သမားတွေ များပြားတာကြောင့် ၀န်ဆောင်မှု စင်တာတစ်ခုနဲ့ မလုံလောက်ကြောင်း မစ္စတာ အဒီဆွန်ကွတ်မုန်ခွန်က ပြောပါတယ်။
ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပန်းရောင်ကတ်ဟာ အရေးကြီးပြီး ကတ်မရှိရင် တရားမဝင် အလုပ်သမားအဖြစ် သတ်မှတ်ပြီး တိုင်ကြားနိုင်ပါတယ်။
ပန်းရောင်ကတ်ရှိရင် ယာဉ်မောင်းလိုင်စင် ရဖို့၊ ဘဏ်အကောင့်ဖွင့်ဖို့များစွာ အထောက်အကူဖြစ်ပါတယ်။
စမွတ်ပရာကန် ပြည်နယ်မှာ ပန်းရောင်ကတ်စင်တာတွေ ပိုမိုဖွင့်လှစ်သင့်ကြောင်း၊ Bang Sao Thong ရှိ တစ်ခုတည်းသော စင်တာဟာ လုံလောက်တဲ့ ၀န်ဆောင်မှုမရှိ
တဲ့အတွက် ကတ်အသစ်လုပ်သူနဲ့ သက်တမ်းတိုးသူ​ေတွအတွက် ထပ်မံဖွင့်လှစ်ဖို့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမား တင်သွင်းတဲ့ ကုမ္ပဏီပိုင်ရှင် မစ္စမွန်ရာနာက ပြောပါတယ်။
တရားဝင်မဟုတ်တဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ မှတ်ပုံတင်တာနဲ့ ပတ်သတ်ပြီး ပြန်လည်မှတ်ပုံတင်ရမယ့်သူ​ေတွ၊ သက်တမ်းတိုးရမယ့်သူတွေ၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်အထိ နားလည်မှုစာချွန်လွှာ MoU နဲ့ အလုပ်လုပ်ကိုင်ခွင့်ပြုထားသူတွေအနက် နိုင်ငံကူးလက်မှတ်အစား ပတ်စပို့ ဒါမှမဟုတ် အထောက်အထား စာရွက်စာတမ်းတစ်ခုခု ကိုင်ဆောင်ထားတဲ့သူတွေကို သက်တမ်းထပ်တိုးပေးမယ်လို့ ထိုင်းအစိုးရအဖွဲ့က ကြေညာထားပါတယ်။
တိကျတဲ့ အချက်အလက်နဲ့ အမည်စာရင်းကို ဦးစွာပေးသွင်းခြင်းနှင့် စိစစ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ အထောက်အထားမှန်ကန်ကြောင်း သက်သေစာရွက်ထုတ်ပေးခြင်း၊ သတ်မှတ်ထားတဲ့ နေရာမှာ နေထိုင်ခြင်းစတဲ့ လုပ်ငန်းစဥ်တွေကို ဆောင်ရွက်ရာမှာ ​လူဦးရေ (၂ ) သန်းခန့်ရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအချိန်မီဆောင်ရွက်နိုင်ဖို့ မျှော်လင့်ကြောင်း နိုင်ငံဖြတ်ကျော်လူဦးရေအဖွဲ့အစည်းများကွန်ရက်(MWG) ညှိနှိုင်းရေးမှူး မစ္စတာ အဒီဆွန်ကွတ်မုန်ခွန်က ဆိုပါတယ်။
မြန်မာနိုင်ငံအစိုးရက ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ၀င်ငွေ ၂၅ ရာခိုင်နှုန်း အိမ်ပြန်ပို့ဖို့၊ အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ဖို့ ဥပဒေနဲ့ တင်းကျပ်ထားတာကြောင့် အခွန်ပေးဆောင်ပြီးကြောင်း သက်သေပြဖို့ လိုအပ်တဲ့အတွက် ပတ်စ်ပို့သက်တမ်းတိုးချိန်မှာ အခက်အခဲဖြစ်စေနိုင်ကြောင်း၊ ပြည်တွင်း ပြန်သွားရင် နိုင်ငံကနေ ပြန်လည်ထွက်ခွာခွင့် မရှိမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ကိုးကား-prakannews.com
Exit mobile version