အောက်တိုဘာ၂၈ရက်၊အရုဏ်ဦး
လာအိုနိုင်ငံနဲ့အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပြီးနောက် မြန်မာဖက်ကအေဂျင်စီတွေ လုပ်သားစေလွှတ်နိုင်ရေးအပြိုင်ကြိုးပမ်းတာတွေရှိလာတယ်လို့ အဲဒီလုပ်ငန်းအသိုင်းဝိုင်းဆီက သိရပါတယ်။
လာအိုအလုပ်သမားရေးရာဝန်ကြီးဌာနနဲ့ မြန်မာစစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနတို့အနေနဲ့ အလုပ်သမားရေးရာနားလည်မှုစာချွန်လွှာကို အောက်တိုဘာနောက်ဆုံးအပတ်မှာ လက်မှတ်ရေးထိုးခဲ့တာကြောင့် ပြည်ပလုပ်သားစေကွက်အသစ်အတွက်ပြင်ဆင်မှုတွေအားကောင်းလာတာလို့ ဆိုပါတယ်။
“လက်မှတ်မထိုးခင်ကတည်းကပို့နေတဲ့အေဂျင်စီတွေရှိတယ်။အခြေအနေစောင့်ကြည့်သူတွေလည်းရှိတယ်။အခုက လမ်းပိုပွင့်သွားတဲ့သဘောဖြစ်တော့ ကြိုးပမ်းတာတွေပိုများလာတာ”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီဒါရိုက်တာတစ်ဦးက ပြောပါတယ်။
လာအိုနိုင်ငံက အေဂျင်စီတွေကတဆင့် စက်ရုံလုပ်ငန်းတွေအတွက် မြန်မာလုပ်သားခေါ်ယူတာတွေရှိနေတာ ဖြစ်ပါတယ်။
လာအိုနိုင်ငံရဲ့လုပ်ခနှုန်းဟာ ဒေသတွင်း မြန်မာလုပ်သားတွေသွားရောက်လုပ်ကိုင်မှုများတဲ့ ထိုင်း၊မလေးရှားနိုင်ငံတွေလောက် မများပေမယ့် ပြည်တွင်းလုပ်အားခထက်သာလွန်တာကြောင့် စိတ်ဝင်စားခံရမှုရှိနေတာ ဖြစ်ပါတယ်။
“လာအိုမှာက တစ်လကိုအခြေခံလစာ ဒေါ်လာ၂၀၀လောက်ရတယ်။ဝန်ဆောင်ခကလည်း တခြားနိုင်ငံတွေထက်နည်းတယ်။ပြည်ပကိုထွက်ရပြီးရောဆိုသူတွေအတွက် လမ်းကြောင်းအသစ်ဖြစ်တာပေါ့။ဒါပေမယ့်လုပ်သားခေါ်ယူမှုက သိပ်မများသေးဘူး”လို့ အေဂျင်စီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
လာအိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့နယ်မြေချင်းထိစပ်နေတာကြောင့် အောက်လမ်းကနေသွားရောက်လုပ်ကိုင်သူတွေ နဂိုကတည်းကရှိနေခဲ့တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။