Site icon Migrant Times

ဖူးခတ်မြေပြိုကျမှုမှာ သေဆုံးသွားတဲ့ မြန်မာတွေအတွက် ကျန်ရစ်မိသားစုတွေကို ဘတ်သုံးသောင်းစီ ပေးအပ်

မောင်နေ့သစ်၊
အောက်တိုဘာ ၂၃၊ Migrant Times
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးခတ်မြို့ ကရွန်းနယ်မြေမှာ သြဂုတ်လ (၂၃)ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာ သွန်းခဲ့မှုတာကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။
မြေပြိုကျမှုကြောင့် မြန်မာလုပ်သား (၈) ဦး သေဆုံးခဲ့ပြီး သူတို့တွေအတွက် ဖူးခတ်မြို့ မြူနီစပယ် (စည်ပင်သာယာ)ရုံးနဲ့ အလုပ်သမားဝန်ကြီးဌာနတို့ကနေ နာရေး အကူငွေနဲ့ ကရုဏာထောက်ပံ့ကြေးများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
“မြူနီစပယ်ကနေထောက်ပံ့ကြေးပေးတာပါ။ တောင်ပြိုပြီး သေဆုံးသွားတဲ့လူတွေအတွက် တစ်ယောက်ကို ၃သောင်းနှုန်းနဲ့ပေးတာ ရှစ်ယောက်ဆိုတော့ ၂သိန်း ၄သောင်းရတယ်။ ဖြစ်စဥ်တုန်းကတော့ အသုဘစရိတ်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထောက်ပံ့ကြေးအနေနဲ့ ၈ထောင်လားမသိဘူးပေးသေးတယ်။ သေဆုံးသွားတဲ့အထဲမှာ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးမှာတော့ ပကန်စံခွန်ရှိတဲ့အတွက် အသုဘစရိတ်အနေနဲ့ တစ်ဦးကို ၄ သောင်းစီရကြတယ်။ ဒီကနေ့ပေးတာကတော့ မြူနီစပယ်က ကရုဏာကြေးအပြင် နာရေးတုန်းက အလှူခံရတဲ့ငွေထဲက ကျန်ရှိငွေ ၁၇၀၀စီကို လည်းပေးအပ်ခဲ့တယ်” လို့ အန်ဒါမန်ချစ်ကြည်ရေးအဖွဲ့က ဒါရိုက်တာက Migrant Times ကိုပြောပါတယ်။
သေဆုံးခဲ့သူတွေအတွက် ထောက်ပံ့ကြေးငွေတွေကို အန်ဒမန်ချစ်ကြည်ရေးအဖွဲ့က ဖူးကတ်မြို့မြူနီစပယ် (စည်ပင်သာယာ)ရုံးမှာ အောက်တိုဘာ (၂၁) ရက်နေ့က သွားရောက်လက်ခံယူခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ သေဆုံးသူ (၈)ဦးအတွက် ထောက်ပံ့ကြေးငွေ စုစုပေါင်း ဘတ် (၂၅၃,၆၀၀) ကို ကျန်ရစ်သူမိသားစုဝင်တွေဆီသို့ အန်ဒမန်ချစ်ကြည်ရေးအဖွဲ့ ရုံးခွဲ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ဖွံ့ဖြိုးရေးစင်မှာ ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Exit mobile version