စေလွှတ်တဲ့အလုပ်သမားစာရင်းပေးပို့ဖို့ ပျက်ကွက်တဲ့အေဂျင်စီကို ဆိုင်းငံ့မယ်

အောက်တိုဘာ ၅ရက်၊အရုဏ်ဦး
စက်တင်ဘာလအတွင်းမှာ စေလွှတ်ခဲ့တဲ့အလုပ်သမားစာရင်းကို ပေးပို့ဖို့ပျက်ကွက်တဲ့အေဂျင်စီတွေကို ဒဏ်ကြေးကောက်မယ့်အပြင် စေလွှတ်ရေးလုပ်ငန်းစဥ်ကိုပါ ဆိုင်းငံ့အရေးယူမယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက သတိပေးထားပါတယ်။
လက်ရှိအချိန်အထိ စေလွှတ်လုပ်သားဦးရေစာရင်းပေးပို့ခြင်းမရှိသေးတဲ့ အေဂျင်စီ ၆၆ခုရှိပြီး နာမည်စာရင်းနဲ့အတူ ထုတ်ပြန်ထားကာအောက်တိုဘာ၆ရက်နောက်ဆုံးထားပေးပို့ဖို့သတိပေးထားတာဖြစ်တယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ လကုန်ပြီး ၅ရက်အတွင်း စေလွှတ်ခဲ့တဲ့အလုပ်သမားစာရင်းပေးပို့ဖို့ အလုပ်သမားဝန်ကြီးဌာနက တောင်းနေတာဖြစ်ပြီး စေလွှတ်ခဲ့တာမရှိရင်မရှိတဲ့အကြောင်း သတင်းပေးပို့ရမယ်လို့ဆိုပါတယ်။
ဒါ့အပြင် ပြည်ပရောက်လုပ်သားရဲ့ ဇန်နဝါရီကနေဧပြီအထိ မိသားစုဆီလွှဲပို့ငွေ စာရင်းကိုလည်း တောင်းနေပြီး စာရင်းပေးဖို့ပျက်ကွက်ရင်အရေးယူမယ်လို့လည်း အေဂျင်စီတွေကိုဖိအားပေးထားပါတယ်။
“အခုက ဌာနဆီစာရင်းပေးဖို့အတွက်ကိုအလုပ်က ပိုလုပ်နေရတဲ့သဘောဖြစ်နေတယ်။ တခုခုဆိုအရေးယူမယ်ဆိုပြီးတော့ကိုဖိအားပေးခိုင်းနေတာ၊အေဂျင်စီတွေလည်းစိတ်ညစ်နေကြပြီ”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနအနေနဲ့ အလုပ်သမားရဲ့လွှဲပို့ငွေအထောက်အထားမတင်ပြနိုင်လို့ဆိုပြီး အေဂျင်စီ ၂၆ခုကို အောက်တိုဘာကစပြီးလုပ်သားစေလွှတ်ခွင့် ပိတ်ထားပါတယ်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီ ၆၀၀နီးပါးရှိတယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *