Site icon Migrant Times

ကန်ချနပူရီတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာလုပ်သား ၇၅ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၈ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ကန်ချနပူရီပြည်နယ် ၊ ကန်ချနပူရီ-ဘော့ဖလွိုင်းလမ်းတနေရာရှိ သစ်တောအစပ်တွင် ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နေ့လယ်၌ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇၅ ဦးအား ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ဒေသခံများက လမ်းဘေးသစ်တောထဲတွင် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားအုပ်စုတစ်စု ရှိနေကြောင်း တိုင်ကြားချက်အရ သွားရောက်စစ်ဆေးရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

မြန်မာအလုပ်သမားများအားသွားရောက်ဖမ်းဆီးစဉ်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး မြန်မာအလုပ်သမားများအား လမ်းဘေးတွင် ရပ်နားပြီး လာရောက်ခေါ်ဆောင်သည့် ပစ်ကပ်ကား ၃ စီးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၇၅ ဦး (အမျိုးသား ၅၂ ဦးနှင့် အမျိုးသမီး ၂၃ ဦး)တို့သည် ဘုရားသုံးဆူဘက်မှလာရောက်ခြင်းဖြစ်ပြီး ဆန်ခလာပူရီရှိ နယ်စပ်လမ်းကြောင်းမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာကြကြောင်း ရဲတပ်ဖွဲ့ထံထွက်ဆိုခဲ့သည်။

၎င်းတို့အားလုံးသည် ထိုင်းနိုင်ငံတွင်းရှိပြည်နယ်များတွင် အလုပ်လုပ်ရန်အတွက် ခရီးအကွာအဝေးပေါ် မူတည်၍ ပွဲစားခ ဘတ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ကြား ပေးချေရမည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသား ၇၅ ဦးအား တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် အရေးယူနိုင်ရန် ကန်ချနပူရီ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

စက်တင်ဘာ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် Wang Prachop -Phran Kratai လမ်းမကြီးပေါ်၌ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၇၁ ဦးကို အဖြူရောင် အလုံပိတ်ကား ၂ စီးပေါ်တွင် အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း ကန်ချနပူရီခရိုင်၊ဘန်ယန်ခေါင်းရွာအနီးတွင် တရားမဝင်ဝင်ရောက်သည့် မြန်မာအလုပ်သမား ၄၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း တောင်ဝင်ထိုင်းစစ်တပ်က ထုတ်ပြန်သည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ ဩဂုတ်လအတွင်း နယ်စပ်များမှတရားမဝင်ဝင် ရောက်သည့် မြန်မာနိုင်ငံသား ၉ဝဝ ဦးထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရသည်။

Photo – โจโฉ

#Migranttime

#ထိုင်း

#မြန်မာ

#ကန်ချနပူရီ

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

Exit mobile version