ဇန်နဝါရီ ၁၂ရက်၊ အရုဏ်ဦး
လာအိုနိုင်ငံရောက် အထောက်အထားမဲ့မြန်မာလုပ်သား ၆၀၀၀၀လောက်ကို နိုင်ငံသားမည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ထုတ်ပေးသွားမယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးက ပြောပါတယ်။
အလုပ်သမားဝန်ကြီးဦးမြင့်နောင်နဲ့ လာအိုသံအမတ်တို့ ဇန်နဝါရီ ၉ရက်က တွေ့ဆုံစဥ် အဲဒီနိုင်ငံရောက်အလုပ်သမားတွေအရေးနဲ့ပတ်သက်လို့ဆွေးနွေးရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
လာအိုနိုင်ငံမှာ မြန်မာနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတာကြောင့် ရွှေ့ပြောင်းသွားလာသူများနေပြီး လက်ရှိအဲဒီနိုင်ငံမှာ အထောက်အထားမဲ့မြန်မာနိုင်ငံသား ၆၀၀၀၀လောက်ရှိနေတယ်လို့ ဦးမြင့်နောင်က ဆိုပါတယ်။
အဲဒီအထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေအတွက် ဝန်ကြီးဌာနတွေပူးပေါင်းပြီး နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းကိုe-ID စနစ်နဲ့ တိုက်ဆိုင်စစ်ဆေးကာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity – CI)ထုတ်ပေးနိုင်ရေးဆောင်ရွက်သွားဖို့ရှိတယ်ဆိုပြီး ဦးမြင့်နိုင်က ပြောခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် CIလက်မှတ်လုပ်ပေးမယ့် အချိန်ကာလကိုတော့ထည့်သွင်းပြောကြားခဲ့တာမရှိပါဘူး။
လက်ရှိမှာ လာအိုနိုင်ငံက မြန်မာနိုင်ငံထက် လုပ်ခလစာပိုများနေတာကြောင့် တရားမဝင် သွားရောက်တာတွေရှိနေသလို အေဂျင်စီတွေကနေ ပြီးခဲ့တဲ့နှစ်ကစလို့ တရားဝင်ပို့ဆောင်တာရှိပါတယ်။
“CIလုပ်ပေးရင် တရားမဝင်အလုပ်သမားတွေအတွက် တရားဝင်လုပ်ကိုင်ခွင့်တော့ရသွားနိူင်တယ်။တရားဝင်စေလွှတ်တဲ့ လုပ်သားစျေးကွက် အပေါ် သိပ်အများကြီးတော့ရိုက်ခတ်မယ် မထင်ဘူး။ထိုင်းဆိုလည်း ဒီလိုလုပ်ငန်းစဥ်ရှိတာပဲလေ”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လာအိုနိုင်ငံမှာ မြန်မာလုပ်သားတွေအတွက် အလုပ်အကိုင်ရရှိရေးနေရာသစ်တစ်ခု ဖြစ်လာသလို ဘရူနိုင်း၊ကမ္ဘောဒီးယားနိုင်ငံတွေဆီလည်း လုပ်သားစေလွှတ်တာတွေ ရှိလာတယ်လို့ အေဂျင်စီအသိုင်းဝိုင်းဆီက သိရပါတယ်။